DVB Logo
Home
မြန်မာသတင်း
မြောက်​ဦး အောက်သကန်ရွာ ပစ်ခတ်မှု ၂ ဦး ​သေ၊ ၇ ဦးဒဏ်ရာရ
DVB
·
March 29, 2019
မြောက်​ဦး အောက်သကန်ရွာ ပစ်ခတ်မှု ၂ ဦး ​သေ၊ ၇ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်​ပြည်​နယ်​၊ ​မြောက်​ဦးမြို့နယ်၊ အောက်သကန်ကျေးရွာမှာ တပ်မတော်နဲ့ အေအေ (ရက္ခိုင်တပ်မတော်) တို့ ပစ်​ခတ်​မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁ ဦးအပါအ၀င် အနည်းဆုံး အရပ်သား ၂ ဦး ​သေဆုံးကာ ၇ ဦးလောက် ဒဏ်​ရာရသွားပါတယ်။

မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာမှာ ဒီမနက် ၆ နာရီကျော်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ရွာသားတချို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ​မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အတည်ပြု​ပြောပါတယ်​။

အောက်​သကန်​​ကျေးရွာမှာ​ အိမ်​​ခြေ ၂၀၀ ​ကျော်​ရှိ​ပြီး သေဆုံးသူ ၂ ဦးကတော့ ဦးဖိုးခင်​ အသက်​ ၇၀ နှစ်နဲ့  မစံပယ် အသက် ၃၀နှစ်တို့ ဖြစ်ကြပါတယ်။

လွှတ်တော်အမတ် ဦးထွန်းသာစိန်က "အောက်သကန်ကျေးရွာမှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား အဘိုးအို ၁ ဦးသေတယ်။ လောလောဆယ်မှာ အလောင်း​တွေနဲ့ ဒဏ်​ရာရသူ​တွေ က​တော့ ​မြောက်​ဦး​ဆေးရုံမှာ ၅ ဦးထဲက ဒဏ်​ရာပြင်းထန်​သူ ၁ ဦးကို စစ်​​တွေ ယူ​ဆောင်​သွားတယ်​။ ​နောက်​ဒဏ်​ရာရသူ ၂ ဦးက​တော့ တိမ်​ညို​​ဆေးရုံမှာ ​ဆေးကုသမှုခံယူ​နေတယ်​ ​"လို့​ ပြောပါတယ်​။

အောက်​သကန်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး အပါအ၀င်​ ​ကျေးရွာသား ၇ ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်​ချုပ်​​ဇော်​မင်းထွန်းက "ကျနော်တို့ သိသ​လောက်​က​တော့ ​​မြောက်​ဦးမြို့ ​အောက်​သကန်​​ကျေးရွာ​ မြောက်​ဘက်မှာ တပ်မတော်က နယ်​​မြေလုံခြုံ​ရေး​ဆောင်​ရွက်​တယ်​။ ​အေ​အေအဖွဲ့က ​ချောင်းပစ်​တယ်​။ ​အောက်​သကန်​ ကျေးရွာထဲဝင်​​ပြေးတယ်​။ ရွာထဲက​နေ မိုင်းဆွဲတယ်​။ ဒီ​လောက်ပဲ သိပါ​သေးတယ်​" လို့ ​ပြောပါတယ်​။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတိအကျ သတင်းထုတ်​ပြန်​သွားဖို့ ရှိတယ်လို့လည်း တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့က ပြောပါတယ်။

ရက္ခိုင့်တပ်မတော်အေအေ ပြောခွင့်ရ ခိုင်သုခကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ အောက်သကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို မိုင်းခွဲတာလည်း မရှိဘူးလို့ ပြောပါတယ်။

အောက်​သကန်​​ကျေးရွာမှာ အိမ်​​ခြေ ၂၀၀ ​ကျော်​ရှိ​ပြီး ​​ကျေးရွာသူ/သားတွေ အားလုံးထွက်​​ပြေးသွားကြပြီလို့ သိရပါတယ်​။

ဓာတ်ပုံ - မြောက်​ဦးကရုဏာ​သွေးလှူရှင်​များအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013