DVB Logo
Home
Lead Story
လရောင်တောတွင် ပျော်မောပါ (အယ်ဒီတာအာဘော်)
DVB
·
March 29, 2019
လရောင်တောတွင် ပျော်မောပါ (အယ်ဒီတာအာဘော်)
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲများတွင် သူ မကြာခဏ တိုက်တွန်းပြောကြားလေ့ရှိသည့် စကားတခွန်းရှိသည်။ “မိဘတွေက သားသမီးတွေ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားတာကို အားပေးပါ၊ ကျောင်းသူကျောင်းသားတွေ အနေနဲ့လည်း အသက်မွေးဝမ်းကျောင်းပညာကို အထင်မသေးဘဲ သင်ယူကြပါ။ အသက်မွေးဝမ်းကျောင်း ပညာသည် နိုင်ငံတကာတွင်လည်း မျက်နှာမငယ်ဘဲ သင်ယူကြလေ့ရှိသည့် ပညာရပ်တခု ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အလားတူ တိုက်တွန်းပြောကြားသလို သူတည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်များ တခုပြီးတခု ဖွင့်လှစ်သင်ကြားပေးနေသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရေရှည်လုပ်ငန်းကြီး ၃ ခုဖြစ်သည့် ရွေ့လျားစာကြည့်တိုက် လုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင်လည်းကောင်း၊ ဟိုတယ်နှင့် ချက်နည်းပြုတ်နည်း သင်တန်းကျောင်း (Hospitality and Catering Training Academy) ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဖြစ်သော လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ လူနေအိမ်၊ ဆရာဆောင်နှင့် စာသင်ကျောင်းများ ဆောက်ခြင်း၊ ဆိုလာမီး၊ လျှပ်စစ်မီး ရရှိရန် ကူညီခြင်း၊ ရေရရှိရန် ရေတွင်း၊ ရေကန်များ တူးဖော်ခြင်း၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် စစ်ဘေးဒဏ် ခံစားနေရသော မိသားစုများကို အဘက်ဘက်မှ ကူညီပေးခြင်း အစရှိသော လုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှလည်းကောင်း လုပ်ဆောင်လာခဲ့ရာ ယခုအချိန်တွင် အရှိန်အဟုန်များစွာ ရရှိနေပြီဖြစ်သည်။

ယခု ၂၀၁၉ ခုနှစ်တွင် ဖောင်ဒေးရှင်း၏ ၄ ခုမြောက် ရေရှည်လုပ်ငန်းတခု ဖြစ်လာမည့် “လရောင်တော” စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း (La Yaung Taw Horticulture Training Academy) ကို ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နေပြည်တော်ရှိ ဖောင်ဒေးရှင်း၏ မြေဧက ၁၀၀ ခန့်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။

“လရောင်တော” သင်တန်းကျောင်းကို ပန်းမန်ဥယျာဉ်၊ ဟင်းသီးဟင်းရွက်များ စနစ်တကျ စိုက်ပျိုးတတ်ခြင်းဖြင့် မိသားစုဝင်ငွေ တဖက်တလမ်းမှ မြင့်တက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

လရောင်တော အသက်မွေးပညာကျောင်းတွင် လက်တွေ့ကွင်းဆင်း လုပ်ကိုင်နိုင်မည့် ပန်းမန်ဥယျာဉ်၊ သစ်တော၊ ပျိုးခင်းများ နေရာသတ်မှတ် ထားရှိမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် ပန်းမန်ဥယျာဉ် စိုက်ပျိုးခြင်းနှင့် သစ်တောများ ပြုန်းတီးမှုမှ ကာကွယ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းပညာများကို ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံ များစွာရှိသည့် သင်တန်းဆရာ၊ ဆရာမများက စနစ်တကျ စာတွေ့လက်တွေ့ ထည့်သွင်း သင်ကြားပို့ချပေးသွားမည်ဟုလည်း ကြေညာထားသည်။

အခြေခံပညာ အထက်တန်းအဆင့်ရှိ စိတ်ဝင်စားသူများကို “အခမဲ့” လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများ အချိန်တိုအတွင်း ဝင်ငွေကောင်းသော အလုပ်အကိုင်များ ရရှိသွားစေရေးကို ဦးတည်ပြီး သင်ရိုး ရေးဆွဲထားသည်ဟုလည်း ဆိုသည်။

သင်တန်းကာလမှာ အများဆုံး ၁ နှစ်ဖြစ်ပြီး ရက်တိုသင်တန်းများကိုလည်း ပူးတွဲဖွင့်လှစ် ပေးသွားနိုင်ရန် စီစဉ်ထားသည်။

ရက်တိုသင်တန်းများတွင် သစ်သီး၊ ပန်းမန်များ စိုက်ပျိုးခြင်း (ဥပမာ - သဇင်၊ နှင်းဆီ၊ သစ်ခွနှင့် မှိုစိုက်ပျိုးခြင်း) တို့ကို ဘာသာရပ်တခုချင်းအလိုက် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ရာ စိတ်ဝင်စားသူ ပြည်သူများ အသက်အရွယ်မရွေး ဝင်ရောက် လျှောက်ထားနိုင်သည်ဟု ဖိတ်ခေါ်ထားသည်။

“လရောင်တော စိုက်ပျိုးပညာသင်တန်းကျောင်း” ကို ၂၀၂၀ ခုနှစ်မကုန်မီ ဖွင့်နိုင်ရန် ကြိုးပမ်း အကောင်အထည်ဖော်နေသည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ စေတနာဖြင့် ထွက်ပေါ်လာတော့မည့် လရောင်တောသင်တန်းကျောင်းတွင် တက်ရောက်ပြီး မိမိဘဝ မိမိကိုယ်တိုင် စီမံလုပ်ဆောင်နိုင်မည့် စိုက်ပျိုးရေးသမားတဦးအဖြစ် ရပ်တည်ကြပါ။

လရောင်တောတွင် ပျော်မောပြီး စိတ်အပန်းလည်းဖြေ၊ အသက်မွေးပညာလည်း သင်ယူကြရန် တိုက်တွန်း တင်ပြလိုက်ရသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013