
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက် မြို့မှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေတာကြောင့် မိမိပုံ ပရဟိတအဖွဲ့က အမှတ် ၃ ရွှေလက်ပြန် ရပ်ကွက်မှာ စက်ရေတွင်း တူးဖော်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီစက်ရေတွင်းက ရပ်ကွက်က လူဦးရေ နှစ်ထောင်လောက် အဆင်ပြေစေသလို့ အရင်က မီခိုနေရတဲ့ ငါ့သရောက် မြို့မြနန္ဒာ ရေကန်ကြီး အခုနှစ်မှာ ခန်းခြောက်ခဲ့ပြီး သောက်သုံးရေ အခက်အခဲကြောင့် မိမိပုံ ပရဟိတ အသင်းကို ဆက်သွယ်အကူညီတောင်းခံခဲ့တာလို့ ရွှေလက်ပြန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်က ပြောပါတယ်။
မိမိပုံ ပရဟိတအသင်း အကျိုးတော်ဆောင် ဦးမောင်မြင့်က သောက်သုံးရေ ခက်ခဲနေတဲ့ ကျေးလက်ဒေသတွေက ဆက်သွယ် အကူညီတောင်းလာရင် ကူညီသွားမယ်လို့ ပြောပါတယ်။
“ရေလိုအပ်နေတဲ့နေရာ ရောက်ဖူးတဲ့ လူကိုအရင်ရှာပြီး ဘယ်နေရာမှာ အဓိကထား လှူသင့်တယ်ဆိုတာ ဒေသခံကလူနဲ့ ဆွေးနွေပြီးမှ လှူသင့်တယ်ဆိုတဲ့ နေရာကို ကိုယ်တိုင်ဆင်းကြည့်ပြီး ရေတွင်းတူးသင့်တယ်ဆိုရင် တူးပေးပါတယ်’’ လို့ ပြောပါတယ်။
အဆိုပါအဖွဲ့က ငါ့သရောက် မြို့တွင်း စက်ရေတွင်း တတွင်း၊ ညောင်ဦးမြို့နယ် မကျီစောက်ကျေးရွာမှာ စက်ရေတွင်း တတွင်း တို့နဲ့ ၂၀၁၈ ခုနှစ်ကလည်း မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာမှာ စက်ရေတွင်း နှစ်တွင်းနဲ့ ဆစ်တောကျေးရွာမှာလည်း ဂျပန်သံရုံး ထောက်ပံ့ငွေနဲ့ ကျပ်သိန်း ၅၅၀ တန် သံကူကွန်ကရစ်တံတားတစင်း ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ ပြောတာပါ။
မိမိပုံ ပရဟိတ အသင်းဟာ ရန်ကုန်တိုင်း ဒေါပုံမှာ ရှိပြီး ဖုန်းနံပါတ် ၀၉ ၅၀၂၇၇၁၇ ကို ဆက်သွယ်အကူညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။











