DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် သဘာဝနယ်မြေ ၅ ခုထပ်တိုးမည်
DVB
·
March 28, 2019
စစ်ကိုင်းတိုင်းတွင် သဘာဝနယ်မြေ ၅ ခုထပ်တိုးမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးမှာ  သဘာဝနယ်မြေ ၅ ခုထပ်တိုးသတ်မှတ်ဆောင်ရွက်သွားဖို့   စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ တည်ထောင်ပြီး သဘာဝတော ၄၃ ခု အကျယ်အ၀န်း ၁၅၂၁၈.၉၁ စတုရန်းမိုင်ရှိပြီးဖြစ်ကာ နောက်ထပ် အဆိုပြုဧရိယာ ၂၁ ခု  အကျယ် ၅၂၂၉.၁၄ စတုရန်းမိုင် တိုးချဲ့ဖို့ စီစဉ်နေတာပါ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နှစ်၃၀ အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်းမှာ နိုင်ငံဧရိယာရဲ့ ၁၀%ထိ သဘာဝနယ်မြေတွေ ထပ်တိုးချဲ့ဖို့ ရည်မှန်းချက်ချမှတ်ထားပါတယ်။

အဲဒီစီမံကိန်းအရ စစ်ကိုင်းတိုင်းမှာ တည်ထောင်ထိန်း သိမ်းစောင့်ရှောက်ထားတဲ့ သဘာဝနယ်မြေတွေအဖြစ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ထမံသီ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ မင်းဝံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နဲ့ ဟူးကောင်းချိုင့်ဝှမ်း တိုးချဲ့ တောရိုင်းတိရစ္ဆန်ဘေးမဲ့တော ဆိုပြီး ၅ခု ရှိပါတယ်။

အဲဒီထဲက ထမံသီတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့လည်း စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။

နောက်ထပ် သဘာဝတောအဆိုပြုအနေနဲ့ မဟာမြိုင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဗောဓိတထောင် သဘာဝကြိုးဝိုင်းနဲ့  ဇလုံတောင်အမျိုးသားဥယျာဉ်၊ လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေ၊ ရှိမ္မကားတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော စတဲ့ နေရာ ၅ ခုကိုလည်း ထပ်တိုးဖွဲ့စည်း တည်ထောင်ဖို့ အဆိုပြုထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းက ကောင်းမွန်တဲ့ သစ်တောတွေ၊ ဂေဟစနစ်တွေ အများကြီးကျန်နေသေးပြီး ရှားပါးအရေးပါတဲ့ မြန်မာ့ရွှေသမင်၊ ကျား၊ ဆင်၊ အင်းကျား၊ မျောက်လွှဲကျော်၊ ဝက်ဝံ၊ မျိုးသုဉ်းတော့မယ့် မြန်မာတိုက်လိပ်နဲ့ ကမ္ဘာ့ရှားပါး မြစ်တွေး၊ တောဘဲမန်ဒါလီ၊ ငဟစ်ဝမ်းဖြူ စတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ ကျက်စားနေဆဲဖြစ်ပါတယ်။

သဘာဝနယ်မြေတွေကို နိုင်ငံတော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာမူဝါဒတွေကို အကောင်အထည်ဖော်ဖို့၊ ဂေဟစနစ်နဲ့ သဘာဝအပင်၊ တောရိုင်းတိရစ္ဆာန်၊ သက်ရှိသက်မဲ့ဖွဲ့စည်းမှု၊ မြန်မာနိုင်ငံမှာသာတွေ့ရတဲ့ ဒေသမျိုးရင်းအပင်နဲ့ သတ္တဝါတို့ကို ကာကွယ်ထိန်းသိမ်းဖို့၊ သဘာဝသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့  ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကိုင်းတိုင်းအတွင်းက တည်ထောင်ထားတဲ့ သဘာဝနယ်မြေတွေအတွင်း သစ်ခိုးထုတ်တာ၊ အမဲလိုက်တာ၊ တောင်ယာကျုးကျော်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝနယ်မြေအမျိုးအစား ၇မျိုးရှိပြီး ဒီလိုသဘာဝနယ်မြေတွေ တည်ထောင်ခြင်းအားဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေနိုင်သလို ဒေသဖွံ့ဖြိုးရေးအတွက်လည်းရှေးရှုနိုင်မှာဖြစ်တယ်လို့လည်း သစ်တောဦးစီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013