DVB Logo
Home
Lead Story
“ကနန်းဒေသ ရှေးဟောင်းအမွေအနှစ်များ ဝိုင်းဝန်းထိန်းသိမ်းစေချင်” -ဆရာတော် ဦးဉာဏသေဌနှင့် ဒီဗွီဘီမေးမြန်းချက်
DVB
·
March 28, 2019
“ကနန်းဒေသ ရှေးဟောင်းအမွေအနှစ်များ ဝိုင်းဝန်းထိန်းသိမ်းစေချင်” -ဆရာတော် ဦးဉာဏသေဌနှင့် ဒီဗွီဘီမေးမြန်းချက်
1 / 22
Donate to DVB

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က လူသူအရောက်အပေါက်နည်းပြီး သွားလာရခက်ခဲတဲ့ လူနည်းစု ကနန်းတိုင်းရင်းသားတွေ နေထိုင်ရာ ကနန်းဒေသမှာ ရှေးဟောင်းအဆောက်အဦးတွေ၊ စေတီ၊ ရုပ်ပွားတွေ၊ အသုံးအဆောင်တွေ အများအပြားရှိနေပါတယ်။

ကနန်းဒေသ နန်းဇားရွာမှာရှိတဲ့ နန်းဇား ဇေတဝန်ဘုန်းကြီးကျောင်းက ကောဇာသက္ကရာဇ် ၁၁၄၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာလို့ မှတ်တမ်းတွေအရ သိရပြီး အခုဆို နှစ်ပေါင်း ၂၄၀ သက်တမ်းရှိနေပါပြီ။

ရှေးဟောင်းအမွေအနှစ်တွေ မပျောက်ပျက်ရအောင်၊ ရှေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက် အစိုးရရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ရှေးဟောင်း ရွှေကျောင်းတော်ကြီးကို စောင့်ရှောက်သီတင်း သုံးနေတဲ့ နန်းဇားဇေတဝန်ကျောင်းဆရာတော် ဦးဥာဏသေဌက ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ မိန့်ကြားပါတယ်။

မေး -ဒီရှေးဟောင်းကျောင်းဆောင်ကြီးကို အရှင်ဘုရားလက်ထက်ထိ ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်ဆိုတာ မိန့်ကြားပေးပါဘုရား။

ဖြေ - ဒီကျောင်းကြီးနဲ့ပတ်သက်ပြီး ဟိုးအရင်က ဒကာတို့ ဒီဗွီဘီ မြန်မာ့အလှ၊ မြန်မာ့ဘဝ အစီအစဉ်က လာရိုက်သွားဖူးပါတယ်။ ဒီကျောင်းဆောင်က လွန်ခဲ့တဲ့ ၁၁၄၀ ခုနှစ်က ဆောက်ခဲ့တာဆိုတော့ ကျောင်းဆောင်က နည်းနည်းယိုယွင်းတာတို့၊ ယိုင်တာတို့ အဲလိုရှိတယ်။ ဒါကို ရွာက ဒကာ၊ ဒကာမတွေပေါင်းပြီးတော့ မယိုင်အောင် တည့်မတ်ပြီးတော့ ထိန်းတယ်။ တိုင်တွေကိုလည်း အောက်ခြေမှာ ဘိလပ်မြေလောင်း သံဖိနပ်ခံတယ်။ အမိုးတွေ ဆွေးတော့ အမိုးတွေ လဲရတယ်။ မူလလက်ရာမပျက်ပေါ့။ လှေခါးကိုတော့ အုတ်နဲ့ ပြန်ပြင်လိုက်တယ်။ မျက်နှာကြက်တွေလည်း ပြန်တပ်ရတယ်။ ကြမ်းခင်းတွေလည်း ဇေတဝန်ဆောင်ကလွဲပြီး အသစ်လဲရတယ်ပေါ့။

မေး - ဒီရှေးဟောင်းရွှေကျောင်းတော်ကြီးမှာ တိုင်ပေါင်း ဘယ်လောက်နဲ့ တည်ဆောက်တာပါလဲ ဘုရား။

ဖြေ - ကျောင်းရဲ့ အဓိက ဇေတဝန်ကျောင်းဆောင်၊ ဘုရားဆောင်က ကျွန်းတိုင်ပေါင်း ၇၂ တိုင်၊ အဲဒီထဲက ၄၁ တိုင်က ၁၁၉၇ ခုနှစ်မှာ ရွှေအစစ်ချထားတယ်လို့ ကျောင်းမှတ်တမ်းတွေအရ သိရတယ်။ တောင်တန်းလျား ၂၄ တိုင် အရင်ကတော့ ၃၆ တိုင်ရှိတာ။ အုတ်ကျောင်းဆောက်တာမှာ မလွတ်လို့ ၁၂ တိုင်ဖယ်ရှားလိုက်ရတာပေါ့၊ မြောက်တန်းလျား ၂၄ တိုင်၊ အနောက်တန်းလျား ၂၄ တိုင်၊ အရှေ့ခန်း ပင်မဆောင်က ၅၂ တိုင် လက်ရှိမှာ စုစုပေါင်း ၁၉၀ တိုင်ရှိပါတယ်။ အရင်က ၂၀၂ တိုင်ရှိတာပေါ့။ အားလုံးကို ထုတ်စွပ်၊ ယောက်စွပ်နဲ့ပဲ ဆောက်လုပ်ထားတယ်။

မေး - အဆောက်အဦနဲ့ပတ်သက်ပြီး ထူးခြားချက်တွေရှိရင်လည်း မိန့်ပါဘုရား။

ဖြေ - ကျောင်းက နှစ်ပေါင်း ၂၀၀ ကျော်တဲ့အထိ ကြီးကြီးမားမား မပျက်စီးသေးဘူး။ ဆိုလိုတာက နေလို့ မဖြစ်အောင် မပျက်စီးသေးဘူး။ ဒီကျောင်းတော်ကြီးက အခုချိန်ထိ သဘာဝဘေးဒဏ် ကြောင့် ပျက်စီးတာ မကြုံရသေးဘူး။ ဥပမာ လေပြင်းတိုက်တာ၊ ငလျင်လှုပ်တာ၊ မီးလောင်တာ ဒါမျိုးပေါ့။ ပြီးတော့ မျက်နှာကြက်မှာ  ပန်းချီတွေရှိတယ်။ ရွှေချထားတဲ့ တိုင်တွေမှာ ကနုတ်တွေ ပါတယ်။ ထုတ်စွပ်၊ ယောက်စွပ်နဲ့ မိုးတာ၊ ကာတာကလွဲရင် သံမသုံးဘဲ ဆောက်ထားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က လက်သမားအတတ်ပညာတွေကို လေ့လာနိုင်တယ်။ တိုင်တွေကိုကြည့်ခြင်းအားဖြင့် သစ်ဝါးပေါက်ရောက်မှုကို ခန့်မှန်းနိုင်တယ်ပေါ့။

မေး - ကောင်းမွန်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေဖြစ်အောင် သက်ဆိုင်ရာကို တင်ပြ အကူအညီတောင်းခံတာတို့၊ သူတို့ကနေ လာရောက်ကြည့်ရှု စစ်ဆေးတာတို့ ရှိပါသလား။

ဖြေ - ဒီရှေးဟောင်းပစ္စည်း၊ ရှေးဟောင်းဘုရား၊ ရှေးဟောင်းကျောင်းတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာကနေ လေ့လာတယ်။ အဲလိုလေ့လာတာမှာ ဒါတွေကို အတတ်နိုင်ဆုံး ကူညီပေးမယ် စောင့်ရှောက်ပေးမယ်လို့တော့ ပြောသံကြားတာပေါ့။ ပြောလာကြတယ်။ လျှောက်လာကြတယ်။ သူတို့ကိုတော့ ဘာလုပ်ပေးပါ။ ညာလုပ်ပေးပါဆိုပြီး တင်ပြတာတော့ မရှိသေးဘူး။ ဒါပေမယ့် ဖြစ်ချင်တာကတော့ သူတို့လာလေ့လာရင်းနဲ့ ဒါတွေကို ဘယ်လိုပုံစံ ထိန်းသိမ်းကြရအောင် ဆိုတာမျိုး။ ရှေးဟောင်းဘုရားဆိုရင် ၅၆ ဆူရှိတယ်။ အဲဒါကိုလည်း ဒီထက်မက ကောင်းအောင် ဝိုင်းပြီးတော့ ကူညီ ထိန်းသိမ်းကြမယ်ဆိုရင် ကောင်းတာပေါ့။ ပြောရရင် ဘုရားစေတီတွေကလည်း သိပ်မရှိတော့ဘူး။ ပြိုပျက်ကုန်ပြီ။ ကနန်းဒေသရဲ့ ရှေးဟောင်းဘုရား ပုံစံလေးတွေကို ဒီထက်မပျက်စီးအောင် ရှေးဟောင်းသုတေသနအဖွဲ့တွေ၊ နိုင်ငံတော်အနေနဲ့ အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီထိန်းသိမ်းကြမယ်ဆိုရင် ဒီဟာတွေက ကနန်းဒေသရဲ့ ပြယုဂ်၊ ကနန်းဒေသရဲ့ သမိုင်းအထောက်အထားတွေအဖြစ် နောက်မျိုးဆက်တွေအဖြစ် ရှိနေမှာပေါ့။

မေး - အခု အရှင်ဘုရား သီတင်းသုံးနေတဲ့ ရှေးဟောင်းဇေတဝန်ကျောင်းမှာကော ဘယ်လို ရှေးဟောင်းပစ္စည်းတွေ ထိန်းသိမ်းထားပါသလဲဘုရား။

ဖြေ - ကုန်းဘောင်ခေတ်လက်ရာ အများစုပါတဲ့ ရုပ်ပွားတော်တွေအပြင် ရှေးကျတာတွေတော့ တစုတစည်းထဲ ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ မှန်တိုက်ထဲမှာထည့်ထားတာက ရုပ်ပွားတော့ ၅၀ လောက်ရှိတယ်။ ရွှေသာလျောင်း၊ ရပ်တော်မူ ၂ ဆူ၊ ဆင်ခံဘုရား စသဖြင့်ရုပ်ပွားတော်ကြီးတွေကောပေါ့။ ပြီးတော့ ပေ၊ ပုရပိုက်တွေထည့်တဲ့ မှန်စီရွှေချ ပေစာတိုက်တွေ၊ နယားရုပ်၊ ၁၃×၁၅ ပင် ဇေတဝန်ကျောင်းဆောင်၊ နယားရုပ်၊ သစ်လုံထွင်းလှေ၊ နံရံပန်းချီတွေ ဒါတွေကို ထိန်းသိမ်းထားပါတယ်။ ရှေးဟောင်းပစ္စည်း ခိုးယူသူတွေရန်ကနေကာကွယ်နိုင်အောင်လည်း လူပြတ်မခံဘဲနဲ့ ရွာက ဒကာဒကာမတွေနဲ့ ဝိုင်းဝန်းစောင့်ရှောက်ကြပါတယ်။

မေး - အခု ဇေတဝန်ကျောင်းအပြင် သက်တမ်းရာချီရှိတဲ့ ရှေးဟောင်းအဆောက်အဦး၊ စေတီပုထိုးတွေက ကနန်းဒေသရဲ့ ဘယ်နေရာတွေမှာ ရှိနေပါသေးလဲ။

ဖြေ - ဗန်းမောက်မြို့နယ်မှာ ကနန်းဒေသကတော့ အုပ်စု ၇ အုပ်စုရှိတယ်။ ရွာပေါင်း ၂၄ ရွာပေါ့။ ဗန်းမောက်မြို့နယ်မှာဆိုရင် ကတူးလူမျိုးတွေနေထိုင်တဲ့ စက်တောကျေးရွာက အကြီးဆုံးရွာ။ ပြီးတော့ ဘုန်းဘုန်းတို့ နန်းဇားရွာက ဒုတိယပေါ့။ ဒီနန်းဇားက ဗန်းမောက်နဲ့ဆို ၄၃ မိုင်ဝေးတယ်။ အခုထိ ရှေးအိမ်တွေ နန်းဇားမှာ ရှိနေတယ်။ ကနန်းဒေသမှာဆိုရင် နှစ်ပေါင်း ၂၀၀ ကျော် ရှေးဟောင်းကျောင်းက နန်းဇားဆိုရင် နှစ်ပေါင်း ၂၄၀ သက်တမ်းရှိပြီ။ ပြီးတော့ လိပ်စောကျောင်း။ လိပ်စောကျောင်း၊ နန်းညှင်းကျောင်း၊ တဇွန်းကျောင်းတွေလည်း ရှိသေးတယ်။ ခုနှစ်တော့ အတိအကျ မမှတ်မိတော့ဘူး။ မှတ်တမ်းတွေတော့ ရှိတယ်။

စေတီပုထိုးနဲ့ပတ်သက်လို့ကတော့ အကောင်းပကတိတော့ တချို့တော့ မရှိတော့ဘူး။ ဘုရားကုန်းတွေ၊ အုတ်ပုံတွေတော့ ရှိသေးတယ်။ တူးဖော်ကြည့်ရင် အထောက်အထားတွေ ရနိုင်တယ်။ မှတ်တမ်းအရ ကျောင်းကုန်းဘုရားဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၃ နှစ်က ဆိုတဲ့ မှတ်တမ်းတွေ တွေ့တာပေါ့။ အဲဒါတွေကို လက်တွေ့ကျကျ သုတေသနပြုပြီးတော့ သုတေသနဌာနနဲ့ ပူးပေါင်း ရှာဖွေကြမယ်ဆိုရင်တော့ ဒီကနန်းဒေသမှာလည်း နှစ်ပေါင်းဘယ်လောက်က ရှေးဟောင်းအမွေအနှစ်တွေ ဖော်ထုတ်နိုင်မှာပေါ့။

မေး - ဒီရှေးဟောင်းအဆောက်အဦးတွေ၊ စေတီပုထိုးတွေကြည့်ခြင်းအားဖြင့်ရော ကနန်းလူမျိုး၊ ကနန်းဒေသအတွက်ကော ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာနိုင်လဲ။

ဖြေ - သမိုင်းရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကနန်းတွေကလည်းပဲ နှစ်ပေါင်း ၂၀၀ ကျော်က ဒီထက်မက ကြာတဲ့အချိန်ကစပြီး ကနန်းဒေသမှာ ကနန်းလူမျိုးတွေ ဒီလိုအဆောက်အဦးတွေဆောက်လုပ် နေထိုင်ခဲ့တယ်။ လှူဒါန်းခဲ့တယ်။ ဘာသာတရားအပေါ်မှာ အလေးအနက်ထားပြီး သဒ္ဓါတရားအားကောင်းခဲ့ကြတယ်ဆိုတာ ဒီအဆောက်အဦးတွေက ပြန်ပြောပြတဲ့ အနေအထားခံစားရတာပေါ့။

အခုခေတ်ကနန်းလူမျိုးတွေက ဒီလိုမျိုးမရှိနိုင်ဘူးပေါ့။ ပြီးတော့ အနုပညာလက်ရာ၊ ယဉ်ကျေးမှုတွေ လေ့လာနိုင်တာပေါ့။ ဒီကျောင်းမှာဆိုရင် ရေးဆွဲထားတဲ့ ပန်းချီတွေ၊ ထုထားတဲ့ ပန်းပုလက်ရာတွေက အဆင့်အတန်းကို ဖော်ပြနေတာပဲ။ အခုခေတ်မှာ အဲလို စိတ်ရှည်လက်ရှည် မလုပ်နိုင်ကြတော့ဘူး။ နည်းပညာပစ္စည်းပေါတယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီအချိန်က မပေါသေးတဲ့ကာလ အဆောက်အအုံတွေကြည့်ခြင်းအားဖြင့် တော်တော်ကို အံ့သြ အားရစရာကောင်းတာပေါ့။

မေး - ဒီကျောင်းဆောင်နဲ့ပတ်သက်ပြီးတော့ကော တခြား ဘာများ မိန့်ကြားချင်ပါသေးလဲဘုရား။

ဖြေ - ကျောင်းကိုရောက်လာတဲ့ နိုင်ငံခြား ခရီးသွားတွေ၊ ရှေးဟောင်းလက်ရာတွေ လာရောက်လေ့လာသူတွေကနေ လေ့လာပြီး ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းနည်းစနစ်တွေ၊ အကြံပြုတာတွေနဲ့ ဝိုင်းဝန်းပြီးတော့ ကူညီစောင့်ရှောက်ကြမယ်ဆိုရင် ဒီကျောင်းဆောင်က လူမျိုး၊ ဒေသတင်မက နိုင်ငံ့သာသနာအတွက်ပါ ဂုဏ်တက်စေတယ်။ ဝိုင်းဝန်းထိန်းသိမ်းကြစေချင်တယ်။

မေး - နောက်ဆုံး တခုအနေနဲ့ အရှင်ဘုရားအနေနဲ့ရော အခုလို နှစ်ပေါင်း ၂၀၀ ကျော် ကျောင်းကြီးမှာ သီတင်းသုံးနေခွင့်ရတဲ့အပေါ် ရင်တွင်းခံစားချက်တွေ မိန့်ကြားပေးပါဘုရား။

ဖြေ - စိတ်ထဲမှာတော့ ပီတိဖြစ်တယ်ပေါ့။ ဘယ်လိုပီတိဖြစ်လဲဆိုတော့ ရှေးက ပုဂ္ဂိုလ်တွေတည်ဆောက်ခဲ့တဲ့၊ ရှေးက ဆရာတော်တွေ ၊ ဒကာ ဒကာမတွေ ပူးပေါင်းတည်ဆောက်ခဲ့ကြတဲ့ ဒီကျောင်းတော်မှာ နေခွင့်ရတာ ကုသိုလ်ကံတွေထူးတယ်ပေါ့။ ဒီကျောင်းဆောင်မှာနေပြီး သာသနာ့အမွေခံ ကိုရင်မျိုးဆက်တွေကို စာသင်ကြားပေးခွင့်ရတာ၊ ဒကာဒကာမတွေကို တရားဓမ္မဟောပြောခွင့်ရတာတွေကလည်း အင်မတန် ဂုဏ်ယူစရာကောင်းတယ်။ ရှေးတုန်းကပုဂ္ဂိုလ်တွေကလည်း ဒီလိုလုပ်ခဲ့မှာပဲ။ သူတို့ရဲ့ သူတော်ကောင်းလမ်းစဉ်အတိုင်းလိုက်ပြီး သာသနာ့အကျိုး၊ လူမျိုးအကျိုး၊ ဒေသအကျိုး ဆက်လက်သယ်ပိုးခွင့်ရလို့ ဂုဏ်ယူမဆုံးဖြစ်ရတာပေါ့။

ကနန်းလူမျိုးတွေက ဗန်းမောက်မြို့နယ်မှာ လူဦးရေ ၁၂၀၀၀ ကျော်ရှိပါတယ်။ အများသောအားဖြင့် တောင်ယာခုတ် လယ်ယာအလုပ်ကိုသာ အဓိက လုပ်ကိုင်ကြပါတယ်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာ လည်း နိမ့်ကျနေပြီး လူနေမှုအဆင့်အတန်းတွေကလည်း နိမ့်ကျနေပါသေးတယ်။ မူးမြစ် စတင်မြစ်ဖျားခံရာ ဒေသဖြစ်တဲ့ ကနန်းဒေသက တဖက်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတယ်ဆိုပေမယ့် ဒီလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက်လည်း ကနန်းလူမျိုးတွေရဲ့ ရိုးသားမှု၊ ဖြူစင်မှု၊ ရှေးရိုးအစဉ်အလာကြီးမားမှုစတဲ့ စရိုက်လက္ခဏာတွေအပြင် ရှေးဟောင်းနေအိမ်၊ ဘုရားကျောင်းကန်တွေ၊ ယဉ်ကျေးမှုတွေကိုလည်း ယနေ့တိုင်တွေ့မြင်နေနိုင်ဆဲဖြစ်ပါတယ်။

လက်ရှိမှာ လူသိနည်းပြီး သွားလာရန်ခက်ခဲတဲ့ တောတောင်ကြားက ကနန်းဒေသမှာ နှစ်စဉ် ရိုးရာပွဲတော်တွေကျင်းပပြီး လူသိများအောင်၊ ဒေသတွင်းဖွံ့ဖြိုးအောင် လုပ်ဆောင်နေကြပြီဖြစ်သလို လူမျိုးတွေရဲ့ အသက်က စာပေဖြစ်တဲ့အတွက် ကနန်းစာပေပေါ် ထွက်နိုင်ရေးအတွက်လည်း ကြိုးစားလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013