
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ရေတိုမှာ ရပ်တန့်ထားဖို့နဲ့ နျူကလီးယား ကင်းစင်ရေးကို ရေရှည်ရည်မှန်းချက်အဖြစ်ထားရှိဖို့ သူ့ရဲ့ အဆင့်လိုက် ချဉ်းကပ်မှု အဆိုပြုချက်ကို စဉ်းစားပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သဘောတူခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ဇွန် ၁၉ ရက်မှာ ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပဆွေးနွေးပွဲအတွင်း ထရမ့်ပ်က သူ့ကို မြောက်ကိုရီးယားအရေးကို "အာရုံစိုက်ရမဲ့အချိန် ရောက်ပြီ" လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ စိတ်အားထက်သန် နေပုံရပေမဲ့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာနဲ့ ပတ်သက်လို့တော့ စိတ်ပျက်နေပုံရတယ်လို့ သမ္မတ အီဂျယ်မြောင်က ဆိုပါတယ်။
သမ္မတ အီဂျယ်မြောင်ရဲ့ အဆိုပြုချက်အရ ရေတိုရည်မှန်းချက်အနေနဲ့ မြောက်ကိုရီးယားက နျူကလီးယားပစ္စည်းတွေ ထပ်မံထုတ်လုပ်တာ၊ လက်နက် ဒါမှမဟုတ် ပစ္စည်းကိရိယာတွေကို ပြည်ပသို့ လွှဲပြောင်းတာနဲ့ တိုက်ချင်းပစ်ပလတ်စတစ်ဒုံးကျည် (ICBM) နည်းပညာတွေကို ထပ်မံဖွံ့ဖြိုးအောင် လုပ်ဆောင်နေတာတွေကို အရင်ဆုံး တားဆီးပိတ်ပင်ထားဖို့ ဖြစ်ပါတယ်။
အခြေအနေတွေ တည်ငြိမ်လာရင် နျူကလီးယားပစ္စည်းတွေကို စတင်လျှော့ချသွားမှာ ဖြစ်ပါတယ်။ ရေရှည်အတွက်ကတော့ တဖက်နဲ့တဖက် ယုံကြည်မှု တည်ဆောက်ပြီး မြောက်ကိုရီးယားအစိုးရရဲ့ ရပ်တည်မှုကို အာမခံချက်ပေးနိုင်တဲ့အခါ၊ မြောက်ကိုရီးယားဘက်ကလည်း နျူကလီးယား လက်နက် ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်က ကြီးမားလွန်းလို့ သူတို့အစိုးရအတွက် ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ သုံးသပ်လာမဲ့ အခြေအနေမျိုး ဖန်တီးပြီးမှ နျူကလီးယားကင်းစင်ရေးကို အပြီးတိုင် သွားရမှာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်အပေါ် ထရမ့်ပ်က ဒါဟာနည်းလမ်းတခု ဖြစ်နိုင်တယ်လို့ တုံ့ပြန်ခဲ့ပြီး သေချာစဉ်းစားပေးမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားလက်ထဲ နျူကလီးယားလက်နက်တွေ တကယ်ရှိမလာခင်ကတည်းက အခုလို ခိုင်မာတဲ့အဆင့်တွေ မလုပ်ဆောင်ခဲ့မိတာ နှမြောဖို့ကောင်းတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
သမ္မတ အီဂျယ်မြောင်ကလည်း မြောက်ကိုရီးယား နျူကလီးယားကိစ္စကို တခြားနိုင်ငံတွေရဲ့ ကိစ္စတွေလို ပုံသေနည်းအတိုင်း သွားတွက်လို့မရဘူးဆိုတာကို ရှင်းပြခဲ့တာကို ထရမ့်ပ် က သဘောတူခဲ့ပါတယ်။
၂ နိုင်ငံခေါင်းဆောင်တွေဟာ အပြန်အလှန် အကျိုးရှိမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အမေရိကန်-တောင်ကိုရီးယား-ဂျပန် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးပုံကိုလည်း သဘောတူညီခဲ့ကြပါတယ်။
ဒါ့အပြင် သင်္ဘောတည်ဆောက်ရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအနေနဲ့ အမေရိကန်စစ်သင်္ဘော ၁၀ စင်းကို အမြန်ဆုံး တည်ဆောက်ပေးနိုင်မလားဆိုပြီး ထရမ့်ပ်က မေးမြန်းခဲ့တယ်လို့ သမ္မတ အီဂျယ်မြောင်က ပြောပါတယ်။
ဆိုးလ်ဟာ ဝါရှင်တန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်အရ တောင်ကိုရီးယားကုမ္ပဏီတွေ ဦးဆောင်ပြီး အမေရိကန်ရဲ့ သင်္ဘောတည်ဆောက်ရေးမှာ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ သဘောတူထားပြီးသား ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ သမ္မတ အီဂျယ်မြောင်ဟာ ဗာတီကန်စီးတီးကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ကို လာမဲ့နှစ် ဆိုးလ်မြို့မှာကျင်းပမဲ့ ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားမှာ တောင်ကိုရီးယားနိုင်ငံဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
အဲဒီလို လာရောက်စဉ်အတွင်းမှာ ကိုရီးယား ၂ နိုင်ငံကြား ကြားခံနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ စစ်မဲ့ဇုန် (DMZ) ဆီကိုပါ သွားရောက်ဖို့နဲ့ ဖြစ်နိုင်မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံဆီပါ ခရီးစဉ်ရွှေ့ဆိုင်း သွားရောက်ပေးဖို့ တောင်းဆိုခဲ့ရာမှာ ပုပ်ရဟန်းမင်းကြီးကလည်း ဒီကိစ္စကို တက်တက်ကြွကြွနဲ့ သေချာစဉ်းစား အကောင်အထည် ဖော်ပေးမယ်လို့ ပြန်လည်မိန့်ကြားခဲ့ကြောင်း သိရပါတယ်။










