DVB Logo
Home
Lead Story
ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့ မြန်မာနယ်စပ်က လက်နက်ဈေးကွက်
DVB
·
March 28, 2019
ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့ မြန်မာနယ်စပ်က လက်နက်ဈေးကွက်
Donate to DVB

နိုင်ငံတကာက ထုတ်လုပ်တဲ့ လက်နက်ငယ်မျိုးစုံကို အွန်လိုင်းကနေတဆင့် စိတ်ကြိုက်မှာယူလို့ ရနေပြီး ဝယ်ယူသူက ပို့ပေးစေချင်တဲ့နေရာကို အရောက်ပို့ဆောင်ပေးတဲ့အထိ ဝန်ဆောင်မှုတွေ ရှိနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ပြီး လက်ရှိအချိန်ထိ ၈ နှစ်နီးပါး ဖြစ်ပွားနေတဲ့ ဒေသအတွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက ခဲယမ်းနဲ့ လက်နက်တွေကို အပြိုင်အဆိုင် ဖြည့်တင်းနေတာဟာလည်း လက်နက်အရောင်းအဝယ် ဈေးကွက်ကို ပိုမိုကျယ်ပြန့်လာစေတဲ့ အထောက်အပံ့တခုပါ။

“ဘယ်နိုင်ငံကထုတ်တဲ့ လက်နက် လိုချင်လဲ။ ကိုယ်ကြိုက်တဲ့ သေနတ်ပုံစံကို ပို့ပြီး အွန်လိုင်းကနေတဆင့် မှာလိုက်ရင် ရပြီ။ ပို့ခိုင်းတဲ့နေရာကိုလည်း သူတို့ လာပို့ပေးတယ်။ ဝယ်ယူဖို့ အချိတ်အဆက်နဲ့ ယုံကြည်မှုတော့ ရှိဖို့လိုတာပေါ့။ ကိုယ့်မှာ ပိုက်ဆံရှိရင် အချိန်မရွေး မှာလို့ရတယ်” လို့ ပန်ဆေးပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

အစိုးရတပ်မတော်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေကို ထုတ်ပေးထားတဲ့ တချို့လက်နက်တွေဟာ အရေးပေါ် တိုက်ပွဲဖြစ်လာရင် အသုံးပြုဖို့ အဆင်မပြေတာကြောင့် ကိုယ်ပိုင်တပ်ဖွဲ့ရဲ့ ရန်ပုံငွေတွေနဲ့ ခေတ်မီတဲ့ လက်နက်နဲ့ ခဲယမ်းတွေကို ဝယ်ယူဖြည့်တင်းနေရတာကြောင့်လည်း မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ လက်နက်ဈေးကွက်တရပ် ဖြစ်ထွန်းနေပြီး ထိန်းချုပ်ဖို့လည်း ခက်ခဲနေပါတယ်။

“လက်နက်တွေက ပြည်ပက တင်သွင်းတာပါ။ အခုဆို ပိုလွယ်သွားပြီး ဖေ့စ်ဘွတ်ခ်ထဲမှာ နည်းနည်း အရောင်းအဝယ်လုပ်တဲ့သူဆီမှာ ဒါမျိုး အမျိုးအစားက ဘယ်လောက် ဘယ်နှစ်လက် အရောက်ပို့ပေးပါလို့ဆိုရင် ကိုယ်မှာ ပိုက်ဆံရှိဖို့ပဲလိုတယ်။ အခုချက်ချင်း မှာလို့ရတယ်။ ဘာမှ မခက်တော့ဘူး။ အမေရိကန်က လက်နက်လည်း ရောက်တယ်။ နိုင်ငံပေါင်းစုံက လက်နက်လည်း ရောက်တယ်။ အခုခေတ် ဖုန်းတွေ ဖေ့စ်ဘွတ်ခ်တွေက အဆင်ပြေသွားပြီဆိုတော့ ဘာမှ မခက်တော့ဘူး။ ပိုက်ဆံချမ်းသာတဲ့သူက ဘယ်နိုင်ငံကထုတ်တဲ့ လက်နက်ကို ဘယ်နှစ်လက်ယူချင်လဲ ရတယ်။ ဒါ့ကြောင့် လက်နက်တွေကလည်း ထိန်းချုပ်ဖို့ ခက်လာတယ်” လို့ ကောင်းခါးပြည်သူ့စစ် (ဌာနေ) က ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦးက ပြောပါတယ်။

မြန်မာ-တရုတ်နယ်စပ်မှာ လက်ရှိ အမ်-၂၂ သေနတ်အရှည်တလက်ကို ငွေကျပ် သိန်း ၄၀ ဝန်းကျင်၊ ပါ့ရီအမျိုးအစား သေနတ်အရှည်တလက်ကို သိန်း ၆၀ ဝန်းကျင် အမေရိကန်ထုတ် လူဂါအမျိုးအစား ပစ္စတိုသေနတ်တလက်ကို သိန်း ၈၀ ဝန်းကျင်နဲ့ ကျန်တဲ့ အမ်-၁၆/ ၂၃/ ၂၄၊ အေကေ-၄၇/ ၅၆/ ၇၄ စသဖြင့် လက်နက်ငယ်၊ လက်ပစ်ဗုံး၊ ကျည်မျိုးစုံကို အမျိုးအစားနဲ့ မော်ဒယ်အလိုက် ဈေးနှုန်းအမျိုးမျိုးရှိကာ အရောင်းအဝယ် ဖြစ်ကြပါတယ်။

“သေနတ်ဈေးနှုန်းတွေကတော့ အမျိုးမျိုးပဲရှိတယ်။ ထုတ်လုပ်တဲ့နိုင်ငံအလိုက် အမျိုးအစား အလိုက်ပေါ့ကွာ။ ကိုယ်ဘယ်လောက်တန် ကိုင်မလဲက အဓိကပဲ” လို့ မူဆယ်မြို့မှာ တာဝန်ကျနေတဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

လက်နက်ရောင်းဝယ်မှုတွေ လက်ရှိအချိန်လောက်ထိ မတွင်ကျယ်ခင် လွန်ခဲ့တဲ့ ခရစ်သက္ကရာဇ် ၂၀၀၀ ခုနှစ်ဝန်းကျင်က တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ဆိုင်ကယ်တွေကို ဝယ်ယူပြီး မြန်မာပြည်အနှံ့ကို ပြန်လည် ဖြန့်ဖြူးရောင်းချတဲ့ ဒေသအခေါ် ဆိုင်ကယ် ကယ်ရီသမားတချို့ကို မြန်မာပြည်သူဌေးတချို့က လက်နက်နဲ့ ခဲယမ်းတွေ မှာယူတာတွေ ရှိခဲ့ပါတယ်။

“ကျနော် အများဆုံးပို့ပေးရတာက ပစ္စတိုသေနတ်ပါ။ တရုတ်ပြည် ရွှေလီဘက်မှာ သွားယူပြီး မှာတဲ့သူဆီ ပို့ပေးရပါတယ်။ ဘယ်လိုသယ်ပြီး ပို့ပေးလဲဆိုတော့ ကျနော်တို့ ဆိုင်ကယ် ကယ်ရီသမားတွေက တရုတ်ကဝယ်လာတဲ့ တရားမဝင် ဆိုင်ကယ်တွေကို အဖမ်းမခံရဖို့ ကားလမ်းပေါ်က သိပ်မသွားဘဲ စစ်ဆေးရေးဂိတ်တွေကို ကွင်းလမ်းတွေကနေ ကွင်းသွားပါတယ်။ ကွင်းသွားလို့မရတဲ့ ဂိတ်တွေ တံတားတွေက ကင်းစခန်းနေရာမှာကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေက တောင်းတဲ့ငွေကိုပေးပြီး ဖြတ်ပါတယ်။ သူတို့တောင်းတဲ့ငွေ ပေးရင် စစ်ဆေးတာ မေးမြန်းတာ ဖမ်းဆီးတာ သိပ်မလုပ်တော့ ဆိုင်ကယ်မှာ ဘာတင်ပြီး သယ်လာသယ်လာ ဖမ်းမိတယ်ဆိုတာ မရှိပါဘူး။ ကျနော် အခု အဲ့ဒီလိုအလုပ်တွေ မလုပ်တော့လို့ အခုလို ဖွင့်ပြောတာပါ” လို့ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင်က အမ်-၂၂ တလက်ကို တရုတ်နယ်စပ်ကနေ မန္တလေးမြို့ထိ အရောက် မှောင်ခိုသယ်ယူပို့ဆောင်ခဟာ ငွေကျပ် ၃ သိန်း ပေါက်ဈေးရှိတယ်လို့ တရားမဝင် လက်နက်သယ်ဆောင်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး နိုင်ငံတော်ကချမှတ်တဲ့ အပြစ်ဒဏ်ကို ခံယူကာ ဥပဒေလမ်းကြောင်းအတိုင်း  ပြန်လည်လွတ်မြောက်လာသူ တဦးက ဆိုပါတယ်။

“အဲ့တုန်းက အမ်-၂၂ တလက်ကို တရုတ်နယ်စပ်ကနေ မန္တလေးအရောက် ပို့ပေးရင် တလက်ကို ၃ သိန်းရတယ်။ သူတို့ပို့ခိုင်းတဲ့ နေရာကို ပို့ပေးလိုက်ရုံပါပဲ။ အဲ့ကတဆင့် အိန္ဒိယ နယ်စပ်ကို ပြန်ပို့တယ်လို့ သိရပါတယ်။ အိန္ဒိယနယ်စပ်ဘက်တော့ ကျနော် မပို့ရပါဘူး။ နောက်တဖွဲ့က ပို့ရတာဖြစ်ပါတယ်။ အဲ့ဒီတုန်းက တရုတ်တယွမ်ကို ၄၀ ကျပ်လောက်ပဲ ပေါက်ဈေးရှိသေးတယ်။ အခုဆိုရင် ယွမ်ဈေးက မြင့်လာတော့ ကယ်ရီခ ပိုရမှာပေါ့” လို့ တရားမဝင်လက်နက်မှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ တဦးက ပြောပါတယ်။

လက်ရှိ အမ်-၂၂ ကျည်ဆန်တတောင့် တန်ဖိုးဟာ ၁၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ပစ္စတိုကျည်ဆန်မှာ အဆိပ်ပါတဲ့ ထိပ်ဖူးနဲ့ဆို တတောင့်ကို ၄၀၀၀ ကျပ်လောက်ရှိကာ ရိုးရိုးထိပ်ဖူးနဲ့ဆို တတောင့်ကို ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီကျည်ဆန်တွေကို တရုတ်နိုင်ငံဘက်ခြမ်းကနေ မှာယူလို့ ရနေပါတယ်။

“ဘာကျည်အမျိုးအစားလိုချင်လဲ၊ ဘယ်လောက်လိုချင်လဲ၊ သေနတ်နဲ့ အတူတူပဲ မှာလိုက်ရုံပဲ။ အဆယ်အသွယ်ရှိရင် ရွှေလီမှာ ကိုယ်တိုင်သွားဝယ်ယူလို့လည်း ရတယ်” လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ပေါင်း ရာနဲ့ချီရှိနေပြီး သူတို့အသုံးပြုတဲ့ လက်နက်၊ ခဲယမ်းတွေကို တပ်မတော်က ခွင့်ပြုမိန့်နဲ့ တရုတ်နိုင်ငံနယ်စပ်၊ ထိုင်းနိုင်ငံနယ်စပ်တွေကနေ တရားဝင် ဝယ်ယူဖြည့်တင်းတာတွေ ရှိသလို သက်ဆိုင်ရာမှာ မှတ်ပုံတင်ထားခြင်းမရှိဘဲ တကိုယ်ရည် ကိုင်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

“တပ်ဖွဲ့အတွက် ဝယ်ထားတာ အများစုကတော့ ခွင့်ပြုမိန့်နဲ့ ဝယ်တာပါ။ သေနတ်အများစုကတော့ မှတ်ပုံတင်ထားပါတယ်။ မှတ်ပုံမတင်ဘဲ ခိုးကိုင်နေတဲ့သူကတော့ တချို့တလေ ရှိမှာပါ။ အဲ့လိုဆို စစ်ဆေးလို့တွေ့ရင် ဥပဒေအရ အရေးယူခံရပါတယ်” လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲမှူးကြီးအောင်မြတ်မိုးကတော့ “လားရှိုးမြို့မှာရှိတဲ့ တရုတ်သူဌေးအိမ်တွေကို လက်နက်နဲ့ပတ်သက်ပြီး ဝင်ရောက်ရှာဖွေမှုတွေ ဆောင်ရွက်ကြည့်မယ် ဆိုရင် တရားမဝင်လက်နက်တွေ ဖမ်းဆီးရမိနိုင်တယ်” လို့ ပြောကြားခဲ့တာ ရှိပါတယ်။

လက်ရှိ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း သူတို့တောင်းဆိုနေတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြဋ္ဌာန်းခွင့်ရရှိရေး ဆိုတဲ့ တောင်းဆိုချက်တွေ ရရှိဖို့အတွက် စစ်အင်အား၊ လက်နက်နဲ့ ခဲယမ်းတွေကို အဆမတန် ဖြည့်တင်းနေကြတာကြောင့် မြန်မာပြည်နယ်စပ်က လက်နက်ဈေးကွက်ဟာ ထိန်းချုပ်ဖို့ အလှမ်းဝေးကွာနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013