
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လျှပ်စစ်ဓာတ်လိုက်မှု၊ နေအပူရှိန်မြင့်မားမှုနဲ့ လက်နက်ကြီး၊ လေကြောင်းကနေ ပစ်ခတ်မှုတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မေ ၁၄ ရက်ကနေ ၂၀ ရက်အထိ တပတ်အတွင်း သေဆုံးသူ ၉ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ သေနတ်ဒဏ်ရာနဲ့ ရေထဲမျောလာတဲ့ အသက် ၃၀၊ ၄၀ နဲ့ ၆၀ အရွယ် အမည်မသိ အမျိုးသား ၃ ယောက်၊ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် လန့်ဖျပ်သေဆုံးခဲ့ရတဲ့ အမျိုးသမီး တယောက် ပါဝင်ပါတယ်။
ဒါ့အပြင် နေအပူရှိန် ပြင်းထန်မှုကြောင့် အသက် ၄၀ ခန့်အရွယ် ခရီးသွား အမျိုးသားတယောက်နဲ့ အသက် ၆၀၊ ၇၀၊ ၉၀ အရွယ် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့သလို ဓာတ်လိုက်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၃၀ ခန့်အရွယ် အမျိုးသားတယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒေသခံတယောက်က “မင်းကုန်း မူးမြောင်းထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ အလောင်း ၃ လောင်း မျောလာတာ တွေ့ရတယ်။ အရပ်ဝတ်တွေနဲ့ဆိုတော့ ပြည်သူလား၊ အဖွဲ့အစည်းကလားတော့ မသိဘူး။ ပလိုင်တိုက်ပွဲနေ့က လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပြေးလွှားရင်း အမောဆို့ပြီး လုံးထော်ရွာက အမျိုးသမီးတယောက် သေဆုံးခဲ့တယ်။ နေပူချိန်မြင့်လို့ ၄ ယောက် သေဆုံးတဲ့အထဲမှာ တယောက်က ယင်းမာပင်နယ်က ခရီးသွားလို့ သိရတယ်။ နောက်တယောက်ကတော့ ရွှေဘိုက စားသောက်ဆိုင်ကို SK ကားနဲ့ စပါးခွံ (ဖွဲ) လာချတာ၊ ကားဒန်း (Dump) လှန်လိုက်တဲ့အချိန် ဓာတ်ကြိုးနဲ့ငြိပြီး ဓာတ်လိုက်လို့ ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
အဲဒီသေဆုံးသူ ၉ ယောက်ထဲမှာ အမည်မသိ ရုပ်အလောင်း ၄ လောင်း ပါဝင်ပြီး သေဆုံးသူ ၉ ယောက်ထဲက နေအပူရှိန်ကြောင့် သေဆုံးရသူ တယောက်ကိုသာ သင်္ဂြိုဟ်နိုင်ခဲ့ပြီး ကျန်တဲ့ ၃ ယောက်ကတော့ မင်းကုန်းရွာ စစ်တပ်စခန်းအနီးက မူးမြောင်းထဲမှာ မျောပါနေတာဖြစ်လို့ ဆယ်ယူ သင်္ဂြိုဟ်ပေးမဲ့သူ မရှိဘဲ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။










