မန်ချက်စတာစီးတီးကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက် ထိုးနှက်ချက် ဖြစ်ခဲ့ရပေမဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကတော့ အသင်းခေါင်းဆောင် အိုဒီဂတ်ကို ချန်ပီယံလုပွဲဟာ မပြီးဆုံးသေးကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။
ဒီရှုံးနိမ့်မှုကြောင့် အာဆင်နယ်ဟာ မန်စီးတီးထက် ၃ မှတ်သာ အသာရတော့သလို မန်စီးတီးက ပွဲလျော့တပွဲ ကျန်ရှိနေတာကြောင့် ချန်ပီယံလုပွဲမှာ အသာစီးရသွားခဲ့တာပါ။
လာမဲ့ ကြာသပတေးမှာ မန်စီးတီးက ဘန်လေကိုသာ အနိုင်ရခဲ့ရင် ဂိုးကွာခြားချက်နဲ့ အာဆင်နယ်အသင်းဟာ ဇယားထိပ်နေရာကို ဖယ်ပေးရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အိုဒီဂတ်ကတော့ သူတို့အနေနဲ့ စိတ်ပျက်မိပေမဲ့ ရာသီတလျှောက်လုံး လုပ်ဆောင်ခဲ့သလိုပဲ ကိုယ့်အသင်းကိုယ် အာရုံစိုက်ပြီး ရှေ့ဆက်သွားမယ်လို့ ပြောပါတယ်။
အာဆင်နယ်ဟာ လာမဲ့ပွဲစဉ်တွေအဖြစ် နယူးကာဆယ်၊ ဖူလ်ဟမ်တို့နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။










