DVB Logo
Home
မြန်မာသတင်း
နာမည်ပျက် ပယ်ဖျက်စာရင်း ဆက်ထုတ်ရန် သမ္မတရုံး တွန်းအားပေး ဆောင်ရွက်နေ
DVB
·
October 16, 2012
နာမည်ပျက်  ပယ်ဖျက်စာရင်း ဆက်ထုတ်ရန် သမ္မတရုံး တွန်းအားပေး ဆောင်ရွက်နေ
Donate to DVB

နာမည်ပျက် (Blacklist) ပယ်ဖျက်စာရင်း  ဆက်လက်ထုတ်ပြန်သွားဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို တွန်းအားပေး လုပ်ဆောင်နေတယ်လို့ သမ္မတရုံးက ပြောပါတယ်။

ပထမအကြိမ် ထုတ်ပြန်ခဲ့တဲ့ ပယ်ဖျက်စာရင်းမှာ မပါသေးသူတွေအနေနဲ့ နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုဒ်ကို အကြောင်းကြားပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်က လူပုဂ္ဂိုလ် ၂၀၀၀ ကျော်ကို နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အခု ၂ လနီးပါးကြာတဲ့တိုင် နောက်ထပ် ပယ်ဖျက်စာရင်း မကြေညာသေးတဲ့အပေါ် နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နာမည်ပျက်စာရင်း ပယ်ဖျက်ရေး ကိစ္စကို နိုင်ငံတော်သမ္မတရုံး၊ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ကိုင်တွယ်ဆောင်ရွက်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဩဂုတ်လတုန်းက ပထမအကြိမ် ပယ်ဖျက်စာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် စာရင်းမှာပါပေမယ့် ဗီဇာလျှောက် မရလို့ အကြောင်းကြား ဆက်သွယ်လာသူတွေသာ ရှိခဲ့ပြီး၊ ပယ်ဖျက်စာရင်းမှာ မပါဝင်လို့ စောဒကတက် ဆက်သွယ်လာသူ တဦးတယောက်မှ မရှိဘူးလို့လည်း ဆိုပါတယ်။

ပယ်ဖျက်စာရင်းမှာ မပါဝင်သေးတဲ့အတွက် ဗီဇာလျှောက်ထားရာမှာ ငြင်းဆိုခံနေရတဲ့ သူတွေအနေနဲ့ သမ္မတရုံးကို အမြန်ဆက်သွယ် အကြောင်းကြားလာရင် လက်ခံဆောင်ရွက်ပေးမယ့်အကြောင်းလည်း ဦးဇော်ဌေးက ပြောပြပါတယ်။

“ဒါက နဂိုက ပိတ်ထားတာက အကြောင်းပြချက်တွေ ရှိတယ်။ ဒါလည်း ပြန်ပြီး စစ်ခိုင်းလို့ရတယ်။ စာရင်းတွေမလာသေးတာနဲ့. ကျနော်တို့ မြန်မြန်လုပ်ဖို့လိုရင် မြန်မြန်လုပ်ပေးလိုက်မယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း ပြန်စစ်ဦးမှာပေါ့နော်. သူတို့လည်း ဘာကြောင့် ပိတ်တယ်ဆိုတာ။”

ပယ်ဖျက်စာရင်းမှာ ပါဝင်ပြီး ဗီဇာလျှောက်မရတဲ့ သူတွေကိုလည်း သမ္မတရုံးက ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

သမ္မတရုံးက နာမည်ပျက်စာရင်း ပယ်ဖျက်ကြောင်း ကြေညာချက်ထုတ်ပြန်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို စိစစ်ပေးဖို့ အကြောင်းကြားထားပြီး၊ ၀န်ကြီးဌာနတွေက အမည်စာရင်း ပေးပို့မှ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

ဝန်ကြီးဌာန အားလုံးလောက်နီးနီးမှာ နာမည်ပျက်စာရင်း ၀င်နေသူတွေ အကြောင်းကြောင်းနဲ့ ရှိနေကြတာလည်း ဖြစ်ပါတယ်။

အရင် အစိုးရလက်ထက် နာမည်ပျက် စာရင်းဝင်နေသူပေါင်း ၆၀၀၀ ကျော်ရှိပြီး၊ ၂ ထောင်ကျော် ပယ်ဖျက်ပေးပြီး ဖြစ်လို့ ၄၀၀၀ လောက် ပယ်ဖျက်ဖို့ ကျန်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013