DVB Logo
Home
Lead Story
အကယ်ဒမီတော်လှန်ရေး လိုအပ်နေပြီလား
DVB
·
March 26, 2019
အကယ်ဒမီတော်လှန်ရေး လိုအပ်နေပြီလား
Donate to DVB

မြန်မာရုပ်ရှင် ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးကတော့ စိတ်ပျက်ဖွယ်ရာ ဆူဆူညံညံတွေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။

ဒါပေမယ့် ဆုပေးတဲ့အပေါ်မှာ ပရိသတ်ရဲ့ မကျေနပ်သံတွေကတော့ မပြီးဆုံးသေးပဲ  ဝက်ဝက်ကွဲ ဆက်လက်ဆူညံနေပါတယ်။ ပရိသတ်ရဲ့ အသံတွေမှာ မှန်တာလည်းရှိ မှားတာလည်းရှိမှာပါ။ သေချာတာတခုကတော့ ဒီနှစ် ပရိသတ်ရဲ့ အကယ်ဒမီအပေါ် မျှော်လင့်ချက်နဲ့ စောင့်ကြည့်မှုဟာ အရင်နှစ်တွေထက်ပိုပြီး စိတ်ဝင်တစား ရှိခဲ့တယ်ဆိုတာပါပဲ။

ဒါကလည်း မြန်မာ့ရုပ်ရှင်ကို တခေတ်ဆန်းအောင် လှုပ်နှိုးခဲ့တဲ့ “မုဒြာရဲ့ခေါ်သံ” နဲ့  “ဥပါယ်တံမျဉ်” ဇာတ်ကားတွေရဲ့ ဖန်တီးသူ ဇနီးမောင်နှံတို့အပေါ် အကယ်ဒမီရစေချင်တဲ့ ဆန္ဒနဲ့ မျှော်လင့်ခဲ့တာကြောင့် ဆိုရင်လည်း မမှားနိုင်ပါဘူး။

နောက်တကားကတော့ ဝတ္ထုမှာတင် နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့တဲ့ ဆရာမကြည်အေးရဲ့ ဝတ္ထုဖြစ်တဲ့ “မီ” ကို ပီပီပြင်ပြင် အသက်သွင်းပြခဲ့တဲ့ ဖန်တီးရှင် ဒါရိုက်တာဏကြီးနဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ အတွက်လည်း ပါမှာပါ။

ဇဏ်ခီ၊ ခရစ်(စ)တီးနားခီနဲ့ ဏကြီးတို့ သုံးဦးစလုံးဟာ နိုင်ငံခြားကနေ ရုပ်ရှင်ပညာအကြောင်း သင်ယူခဲ့တယ်လို့ ဆိုပါတယ်။ သူတို့လိုပဲ မြန်မာ့ရုပ်ရှင် တိုးတက်စေလိုတဲ့ ဆန္ဒနဲ့ သင်ယူလာခဲ့ကြတဲ့ လူငယ်မျိုးဆက်များစွာ ရုပ်ရှင်လောကထဲ တိုးဝင်လာနေကြသလို စိတ်အားထက်သန်စွာ သင်ယူဆဲတွေလည်း နောက်ထပ်ထွက်ပေါ်လာဦးမှာပါ။

ဒီလို အနာဂတ်ရုပ်ရှင်လောက မြင့်မားစေလိုတဲ့ စေတနာနဲ့ ဝင်ရောက်လာမယ့် မျိုးဆက်သစ်တွေကို ရုပ်ရှင်ချစ်သူ ပရိသတ်များကလည်း စောင့်ကြိုနေကြပါတယ်။ သူတို့ကြောင့်လည်း မြန်မာ့ရုပ်ရှင် အရွေ့တခုရောက်အောင် တွန်းအားဖြစ်စေခဲ့တာကိုတော့ ငြင်းမရပါဘူး။ မျက်စိမှိတ် စုံကန်ငြင်းလိုက ငြင်းနိုင်ပါလိမ့်မယ်။

အဲ့ဒီလိုအခြေအနေမှာ ရုပ်ရှင် တခေတ်ဆန်းစေလိုတဲ့ စေတနာထက်သန်တဲ့ လူငယ်အနုပညာရှင် အင်အားစုတွေကို အကယ်ဒမီပွဲကို ခေါ်ယူပြီး ချေချွတ်လိုက်သလိုပဲဆိုတဲ့ အသံတွေဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီအခြေအနေကပဲ ဆုရွေးချယ်ရေးအဖွဲ့အပေါ်မှာ လူထုမကျေနပ်မှု ကြီးစွာ ဖြစ်ပေါ်စေခဲ့တာပါ။ ပိုဆိုးတာက “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားဟာ ရုံရက်မရရှိလို့ ၄ နှစ်ကြာမှ ပြသခွင့်ရခဲ့တယ်ဆိုတဲ့ ခရစ်(စ)တီးနားခီရဲ့ အရင်ကပြောကြားခဲ့မှုအပေါ်မှာ မြန်မာ့ရုပ်ရှင် တာဝန်ရှိသူတို့ အငြိုးထားခဲ့ဟန်ရှိတယ်ဆိုတဲ့ အမြင်တရပ် ဖြစ်ပေါ်နေခြင်းပါပဲ။

အခြေအနေစုံကို လေ့လာသုံးသပ်သူတွေကတော့ အရည်အသွေး ပြည့်မီပါလျက်နဲ့ အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့ရဲ့ ဆန္ဒာဂတိဟာ

(၁) နိုင်ငံပြင်ပမှာ ရုပ်ရှင်ပညာ သင်ယူခဲ့သူတွေအပေါ်မှာ မုဒိတာမပွားနိုင်ခြင်း

(၂) တကယ်လုပ်ပြသူတွေအပေါ်မှာ မစ္ဆရိယစိတ်ဝင်ခြင်း

(၃) တပည့်မွေး ဆရာမွေး၊ မျိုးရိုးစဉ်ဆက် ရွှေစင်ရုပ်တု အမွေပေးလိုခြင်း

(၄) ဖဆပလ လက်ထက်က အစဉ်အလာကို ဒီနေ့အထိ စွဲကိုင်ဖက်တွယ်နေခြင်း

(၅) ပြဇာတ်ဆန်ဆန် သရုပ်ကဲအမူအရာ စံနှုန်းထဲက မလွတ်မြောက်နိုင်ခြင်း

(၆) ဆုရွေးချယ်ရေး စည်မျဉ်းစည်းကမ်းများ ခေတ်မမီတော့ခြင်း

(၇) ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေကိုယ်တိုင် အသိအမြင် ဗဟုသုတ လေ့လာမှုအားနည်းခြင်း စတာတွေကြောင့် ဒီနှစ် အကယ်ဒမီဆုပေးပွဲအပေါ် မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ်အနေနဲ့ ယုံကြည်မှု ခေါင်းပါးသွားခဲ့ရခြင်းပဲလို့ သုံးသပ်ကြပါတယ်။

အခုနှစ် အကယ်ဒမီပေးပွဲမှာ ပိုလို့ အရုပ်ဆိုး အကျည်းတန်စေတာကတော့ ဆုမကြေညာခင်ကတည်းက ဆုရသူတွေရဲ့ စာရင်းအတိအကျကို လက်ရေးနဲ့ရေးထားတဲ့ စာရွက် အွန်လိုင်းမှာ တင်ကြို ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကယ်ဒမီဆုရစာရင်း ပေါက်ကြားမှုနဲ့ပတ်သက်ပြီး တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေအနေနဲ့ တာဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်။

အကယ်ဒမီမင်းသား လွင်မိုးကတော့ “တခွန်းတည်းပြောမယ် ၂၀၁၈ အကယ်ဒမီ ရှက်စရာအလွန်ကောင်းသည်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ပညာတတ် လူငယ်မျိုးဆက်သစ်တွေကတော့ ရုပ်ရှင်ပညာကို ရူးသွပ်စွာ စနစ်တကျ သင်ကြားလေ့လာခဲ့ကြတဲ့ လူငယ်တွေ၊ လမ်းရိုးကနေခွဲထွက်ပြီး အတွေးသစ် အမြင်သစ်တွေနဲ့ ပရိသတ်ကိုချပြဖို့ ကြိုးစားနေတဲ့ လူငယ်အနုပညာရှင်တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို လက်ခံအားပေးလာတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ဒီနှစ်မှာ အကယ်ဒမီဆု ရွေးချယ်မခံခဲ့ရတဲ့ အနုပညာရှင်တွေအတွက် ပရိသတ်က ဆုချီးမြှင့်ဖို့ အွန်လိုင်းကနေ စတင်စည်းရုံး လှုပ်ရှားမှုတွေလည်း ရှိနေပါပြီ။

လက်ရှိ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကတော့ ဆုရသူတွေဟာ နှာတဖျားသာသွားတာကြောင့် ရတာပါလို့ ပြောပါတယ်။ ဒီလိုပြောနေမယ့်အစား ရုပ်ရှင်အစည်းအရုံးအနေနဲ့ အမှန်တကယ် လုပ်သင့်တာက ဆုရွေးချယ်ရေး စံနှုန်းတွေကို ဘယ်လိုပြင်မလဲ၊ ဆုရွေးချယ်ရေး အဖွဲ့ဝင်တဦးရဲ့ အရည်အချင်းကို ဘယ်လိုသတ်မှတ်မလဲ။

ဆုရွေးချယ်ရေးစံနှုန်းဆိုတာက အနုပညာစံနဲ့ ရွေးမလား။ ဝါဒဖြန့်ချိရေးစံနဲ့ ရွေးမှာလား ဆိုတဲ့ အချက်က အဓိကကျပါမယ်။ ဘယ်စံကို အဓိကထားမလဲ။ အနုပညာစံနှုန်း ဆိုရာမှာလည်း ဘီစီ ၂၀၀၀ လောက်က ပေါ်ခဲ့တဲ့ “သုဗောဓာလင်္ကာကျမ်း” စံနှုန်းမျိုးတော့ မဖြစ်သင့်တော့ဘူး ထင်ပါတယ်။ ခေတ်နဲ့လျော်ညီတဲ့ စံတခုတော့ လိုမှာပါ။

အကယ်ဒမီပေးဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း စံသတ်မှတ်ချက်တွေကိုလည်း တိတိကျကျ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေကို ပုံတူကူးချ မြန်မာမှုပြုပြီး ပြန်ရိုက်တဲ့ ရုပ်ရှင်ကားတွေကို ဆုမချီးမြှင့်ရဘူးလို့ ကိုယ့်ဘာသာကိုယ် စည်းကမ်းသတ်မှတ်ပြီး ကိုယ့်ဘာသာကိုယ် စည်းကမ်းဖောက်ဖျက်တာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေရဲ့ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ အတွေးအခေါ်တွေ၊ ခေတ်မမီတော့ရဲ့ အယူအဆတွေ၊ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ ရုပ်ရှင်ပညာကို လိုက်မမီတော့သူတွေ၊ အကဲဖြတ်နိုင်လောက်တဲ့ ပင်ကိုယ်အရည်အသွေး မရှိသူတွေကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။

အပြောင်းအလဲ မလုပ်ချင်သေးဘဲ ဒီနေရာမှာ ဆက်လက် တာဝန်ယူချင်သေးတယ် ဆိုရင်လည်း လက်ရှိ ရှိနေတဲ့ အကယ်ဒမီရွေးချယ်ရေး အဖွဲ့ဝင်တွေကို နိုင်ငံတကာ လေ့လာရေး စေလွှတ်တာ၊ ဒါမှမဟုတ် နိုင်ငံခြားပညာရှင်တွေကို ခေါ်ယူသင်တန်းပေးတာပဲဖြစ်ဖြစ် စွမ်းရည်မြှင့်တင်ပေးဖို့တော့ လိုအပ်မှာပါ။

ဒီအချက်တွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အလေးအနက်ထား စဉ်းစားပြုပြင်မယ် ဆိုရင်တော့ နောက်လာမယ့်နှစ်တွေမှာ မြန်မာ့ရုပ်ရှင် အကယ်ဒမီကို လူထုရဲ့ယုံကြည်မှု တဖြည်းဖြည်း ပြန်ရလာနိုင်လောက်ပါတယ်။

ဒီနေရာမှာ ပရိသတ်အကြိုက်ကိုပဲ အကယ်ဒမီဆု ချီးမြှင့်ရမယ်လို့ မဆိုလိုပါဘူး။ ဆုရသင့်ရထိုက်သူတွေကို ထိုက်သင့်တဲ့ဆုတွေ မှန်မှန်ကန်ကန် ရွေးချယ်ပေးအပ်ပြီး မြန်မာ့ရုပ်ရှင်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်စေဖို့သာ ရည်ရွယ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်း မြင့်မားလာရေးအတွက် အမြစ်ကနေ စတင်တော်လှန် ပြုပြင်ပြောင်းလဲကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013