DVB Logo
Home
မြန်မာသတင်း
သမိုင်းဝင်ကျောက်တော်တောင်တွင် တပ်စွဲမထားရန် မေတ္တာရပ်ခံ
DVB
·
March 26, 2019
သမိုင်းဝင်ကျောက်တော်တောင်တွင် တပ်စွဲမထားရန် မေတ္တာရပ်ခံ
Donate to DVB

ရခိုင်ပြည်နယ်ကအထင်ကရနေရာတခုဖြစ်တဲ့ ကျောက်တော်တောင် ရှေးဟောင်းသမိုင်းဝင် စေတီဘုရားတွေရှိတဲ့နေရာတွေမှာ အစိုးရတပ်က တပ်စွဲနေရာယူ ထားတာကို တားမြစ်ပေးဖို့ ကျောက်တော် မြို့နယ် သံဃနာယကအဖွဲ့က သက်ဆိုင်ရာကို မေတ္တာရပ်ခံလိုက်ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံကို ကျောက်တော်မြို့နယ် သြဝါဒစာရိယဆရာတော်ကြီးတွေနဲ့ မြို့နယ် သံဃနာယက ဆရာတော်ကြီးတွေက မတ်လ၂၅ ရက်က မေတ္တာရပ်ခံစာ ပေးပို့ခဲ့တာပါ။

မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တသောဘနက “ဒီနေရာဟာ သာသနိက အဆောက်အဦလည်းဖြစ်တယ်။ သမိုင်းဝင်ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦ နယ်မြေတခုလည်း ဖြစ်တယ်။ ဒီလိုနယ်မြေအတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်နေရာယူထားတဲ့အတွက်ကြောင့် ဦးဇင်းတို့က မြို့နယ်၊ ဆရာတော်ကြီးတွေရော၊ မြို့က သံဃာတော်တွေရော တားမြစ်ပေးဖို့ဟာကို မေတ္တာရပ်ခံတာပါ။ အစိုးရတပ်က နေရာယူ ထားတာပေါ့ အဲ့ဒီတောင်မှာ။ အဲ့ဒါကြောင့် မနေ့က ဝန်ကြီးချုပ်ထံကို အဲ့ဒီစာကို ပို့လိုက်တယ်”လို့ မိန့်ပါတယ်။

ကျောက်တော်တောင်ပေါ်မှာ တပ်မတော်က တပ်စွဲထားတာ တပတ်ကျော်လောက် ရှိနေပြီဖြစ်တာကြောင့် ဘုရားဖူးလာသူတွေ စိုးရိမ်နေသလို အဲ့ဒီမှာနေထိုင် ကျက်စားနေကြတဲ့ သတ္တဝါတွေ သေကျေပျက်စီးမှာစိုးသလို သာသနိက အဆောက်အဦ သမိုင်းအမွေအနှစ်တွေ ပျက်စီးမှာ  စိုးရိမ်တယ်လို့ ဆရာတော် ဘဒ္ဒန္တသောဘနက ဒီဗွီဘီကို မိန့်ပါတယ်။

အဲ့ဒီမေတ္တာရပ်ခံစာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ စာမရောက်ရှိသေးသလို အခုလို တပ်စွဲထားတာဟာ လိုအပ်လို့ လုံခြုံရေးအရ တပ်စွဲထားတာဖြစ်တယ်လို့  ပြောပါတယ်။

“ကျနော်ဆီကိုတော့ အဲ့ဒီအကြောင်းကြားစာတော့ မရောက်သေးဘူးခင်ဗျ။ ကျနော်တို့က လည်း တပ်တွေထားတယ်ဆိုတာကလည်း လက်ရှိ Commander တွေက လိုအပ်ချက်ရှိလို့ ထားတာလို့ ထင်ပါတယ်ခင်ဗျ။ မလိုအပ်ဘဲနဲ့တော့ တပ်တွေမထားဘူး ထင်တယ်။ လက်ရှိ အမြဲတမ်းလည်း တပ်တွေမထားပါဘူ။ လိုအပ်ချက်အရ တပ်တွေထားတာပါ။” လို့ပြောပါတယ်။

ဒီကနေ့ မြောက်ဦးမြို့နဲ့ ၁၆ မိုင်လောက်ဝေးတဲ့ လမ်းမြွေတောင် မကျည်းကုန်း-စစ်တွေ ကားလမ်းဘေးမှာ ဒီကနေ့ မနက် ၁ နာရီအချိန်လောက်စတင်ပြီး မနက် ၅ နာရီအချိန်အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013