
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း မတ်လ ၂၆ ရက် အထိ ဘူးသီးတောင်မြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် ရောက်ရှိခိုလှုံနေကြပါတယ်။
ဥယျာဉ်သာ၊ စံဂိုးထောင်၊ နွားရုံတောင်၊ သရက်ပြင်၊ စည်တောင် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ဘူးသီးတောင် ရန်အောင်မြေ ဘုန်းကြီးကျောင်းမှာ မိသားစု လူဦးရေ ၂၉၉ ဦးနဲ့ ရွှေကျင်တိုက်မှာ ၂၄၄ ဦး ရောက်ရှိနေကြတာပါ။
ရန်အောင်မြေဆရာတော်ဧန္ဒဝံသက “အဓိကလိုအပ်တာကတော့ အိမ်သာ၊ အခင်းဖျာ၊ စောင်နဲ့ အဝတ်အထည်တွေ လိုအပ်နေပါတယ်။ မြို့အထွေထွေအုပ်ချုပ်ရေးကတော့ ဆန်တွေ ကူညီထောက်ပံ့မှု တကြိမ်ရှိတယ်။ နောက်စားဝတ်နေရေးအတွက် လိုအပ်ချက်တွေရှိတယ်။ လူမှုအဖွဲ့အစည်းတွေက လာရောက်ကူညီတာတွေရှိပါတယ်။ လောလောဆယ် အခြေအနေ မှာတော့ သူတို့ မူလနေရာသို့ ဘယ်သူမှမပြန်ဝံ့သေးပါဘူး။ စိတ်ပိုင်းဆိုင်ရာ အကြောက်တရား တွေက စိုးမိုးနေတယ်။ ဘယ်အချိန် လာရောက်ပစ်သတ်မလဲဆိုတာ စိုးရိမ်မှု မြင့်တက်နေကြ တယ်” လို့မိန့်ပါတယ်။
မတ်လ ၂၁ ရက် ည ၉ နာရီကျော်လောက်က စည်တောင်ကျေးရွာမှာ ပစ်ခတ်ပေါက်ကွဲမှုတွေကြောင့် ဒေသခံပြည်သူ ၅ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ဒီပစ်ခတ် ပေါက်ကွဲမှုတွေဟာ တပ်မတော်နဲ့ အေအေတို့ အကြားတိုက်ပွဲဖြစ်ပွားပြီး ပစ်ခတ်ရတာလို့ ဒေသခံတွေကပြောကြားထားသလို အေအေဘက်ကတော့ အဲဒီနေ့က စည်တောင်ကျေးရွာမှာ တိုက်ပွဲ လုံးဝမရှိခဲ့ဘူးလို့ ပြောပါတယ်။
ဗညား











