DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာကုမ္ပဏီ၊ သူရဦးရွှေမန်းသားတို့နှင့် ပတ်သက်သည့် မြေသိမ်းမှု ကော်မရှင်က မစုံစမ်းနိုင်သေး
DVB
·
October 13, 2012
Donate to DVB

ရန်ကုန်တိုင်းအတွင်းမှာ ဇေကမ္ဘာကုမ္ပဏီ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သားတို့နဲ့ ပတ်သက်နေတဲ့ မြေကိစ္စကို မြေယာစုံစမ်းရေးကော်မရှင်က လျစ်လျူရှုထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြေယာစုံစမ်းရေးကော်မရှင်ရဲ့ ရန်ကုန်တိုင်းအဖွဲ့ခွဲက ကွင်းဆင်းလေ့လာတဲ့ အခါမှာ အဲဒီပြဿနာကို လျစ်လျူရှုခဲ့တယ်လို့ လယ်သမားတွေက ယူဆနေကြပါတယ်။

မင်္ဂလာဒုံမြို့နယ်ထဲမှာ ဇေကမ္ဘာက လယ်ဧက ၂ ထောင်ကျော် သိမ်းထားတဲ့ ကိစ္စကို စုံစမ်းပေးဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း လယ်သမားတွေက မြေယာစုံစမ်းရေးကော်မရှင်ကို တင်ပြခဲ့ပေမယ့် ကော်မရှင်က အချိန်မရဘူးလို့ ဆိုပြီး မစုံစမ်းခဲ့ပါဘူး။

ဒါကြောင့် ဒီနေ့ မနက်မှာပဲ လယ်သမားတွေက လယ်မြေကို ကုမ္ပဏီတွေက ၀င်သိမ်းလို့ မရအောင် သူတို့ဘာသာ ကွန်ကရစ်တိုင်တွေနဲ့ ခြံစည်းရိုးခတ်လိုက်ကြပါတယ်။

“ဒီနေ့ ၁၃ ရက်နေ့ မနက် ၈ နာရီက စတင်ပြီးတော့ လယ်သမားတွေ ဒီမှာကျောက်တိုင်တွေ စိုက်ထူခြင်းလုပ်ငန်း စတင်နေပါပြီ။ ကျနော်တို့လယ်သမားတွေဟာ တနွေလုံး တမိုးလုံး ဆင်းရဲဒုက္ခခံပြီးတော့ ပြည်သူ့လွှတ်တော်ကိုလည်း စာတွေတင်ခဲ့ပါတယ်။ အဖွဲ့အစည်းမှန်သမျှကို လယ်သမားတွေ စာတင်ခဲ့ပါတယ်။ သို့သော်လည်း လွှတ်တော်ကနေ စုံစမ်းစစ်ဆေးရေးကော်မရှင်လည်း လာရောက်မေးမြန်းစုံစမ်းခြင်းလည်း မရှိတဲ့အတွက် ကျနော်တို့ ဒီအကွက်ကို ဆုံးရှုံးမှာစိုးရိမ်ပါတယ်။”

ဒီပြဿနာအစကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် အရင် အစိုးရလက်ထက်က ဖြစ်ပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲက ရာနဲ့ချီတဲ့ လယ်သမားတွေ ပိုင်တဲ့ လယ်ဧက ၂ ထောင်ကျော်ကို အစိုးရနဲ့ နီးစပ်တဲ့ ဇေကမ္ဘာကုမ္ပဏီက လုပ်ပိုင်ခွင့်ရ လိုက်ပါတယ်။

အဲဒီအချိန်တုန်းက လယ်သိမ်းခံရတဲ့ လယ်သမားတွေကို နေရာပြန်ချပေးဖို့ အစိုးရက ညွှန်ကြားခဲ့ပေမယ့် ကုမ္ပဏီဘက်က နှစ် ၂၀ လုံးလုံး ကတိတွေ ဖျက်ခဲ့တယ်လို့ လယ်သမားကြီး ဦးစံဝင်းမြင့်က ပြောပြပါတယ်။

“သီးစားတွေလည်းပါသွားတယ်။ လယ်သမား ၁၅၇ ဦးကလည်း မြေကွက်အခုထိ မရသေးဘူး။ အခု သိမ်းဆည်းခံရတဲ့ လယ်သမား ၁၅၇ ဦးကို ၇ ရက်အတွင်း မြေကွက်ပြန်ပေးလိုက်ပါဆိုပြီး ဦးခင်ညွန့်၊ ဦးတင်ဦး၊ ဗိုလ်ချုပ် ခင်မောင်သန်း၊ တိုင်းကောင်စီ အတွင်းရေးမှူး ဗိုလ်ကြီး စံမတူ၊ ဦးခင်ရွှေ၊ ဇေကမ္ဘာဦးခင်ရွှေနဲ့ ရုံးမှာ ကျနော်တို့ကို ကတိပေးထားတာ။ ဒီနေ့အထိ မရသေးတာ။”

အစိုးရဆီကနေ လုပ်ပိုင်ခွင့်ရပြီးနောက် ဇေကမ္ဘာကုမ္မဏီက နဂိုလယ်သမားတွေကိုပဲ အခကြေးငွေနဲ့ အငှားပြန်ချထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနှစ် မိုးရာသီမှာတော့ ကုမ္မဏီဘက်က အငှားချပေးတာကို ရပ်ဆိုင်းလိုက်ပြီး နဂိုစီမံကိန်း ဧရိယာမှာပါတဲ့ လယ်မြေတွေကို ခြံစည်းရိုးခတ်တာတွေ လုပ်လာတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒီလိုနဲ့ လယ်မြေတွေအပေါ်မှာမှီခိုလုပ်ကိုင်နေတဲ့ လယ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်ပြီး ကြုံရာ ကျပမ်း အလုပ်သမားဘ၀ကို ရောက်ကုန်ကြပါတယ်။

ဒီကိစ္စတွေကို လယ်သမားတွေက မကြာခင်က ဖွဲ့စည်းထားတဲ့ လွှတ်တော် မြေယာစုံစမ်းရေးကော်မရှင်ကို တင်ပြထားပေမယ့်၊ ကော်မရှင်က အခုအထိ စုံစမ်းတာတွေ မလုပ်သေးတာကြောင့် လယ်သမားတွေက ကွန်ကရစ်တိုင်တွေနဲ့ ခြံစည်းရိုးခတ်တာတွေ ဖြစ်လာတာပါ။

လယ်သမားတွေ ခြံစည်းရိုးခတ်တဲ့အချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့သားဖြစ်တဲ့ ဦးတိုးနိုင်မန်းရဲ့ ကိုယ်စားလှယ် ၁ ယောက်ရောက်လာပြီး ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးမယ့်အကြောင်း ပြောဆိုသွားတယ်လို့ လယ်သမားကြီး ဦးစံဝင်းမြင့်က အခုလို ပြောပါတယ်။

“ဦးတိုးနိုင်မန်း တပည့်ကတော့ ကောင်းကောင်းမွန်မွန်ပြောပါတယ်။ သူညှိနှိုင်းဖြစ်အောင် ညှိနှိုင်း တင်ပြပေးပါမယ်တဲ့။”

ခြံစည်းရိုးခတ်တဲ့နေရာမှာ လယ်သမားတွေနဲ့ အတူရှိနေပြီး၊ ဦးတိုးနိုင်မန်းရဲ့ ကိုယ်စားလှယ်နဲ့ စကားပြောခဲ့တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကတော့ ဇေကမ္ဘာက သိမ်းထားတဲ့ မြေထဲက တချို့ကို ဦးတိုးနိုင်မန်းကို လွှဲပေးထားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ဇေကမ္ဘာက အဲဒီမှာ လမ်းတွေဖောက်တယ်၊ မီးတိုင်တွေစိုက်တယ်၊ ရောင်းစရာ ရှိတာလည်း ရောင်းပြီးသွားပြီ။ ၀ယ်ထားတဲ့သူတွေရှိတယ်။ အဲထဲမှာ ဦးတိုးနိုင်မန်းလည်း ၀ယ်ထားတယ်။ ပြဿနာမရှိဘူး၊ မည်သူမဆို ၀ယ်ခွင့်ရှိတယ်။ ဒါပေမယ့် ဥပဒေနဲ့ ညီတယ်၊ မညီဘူး ကြည့်တဲ့အခါမှာ မညီဘူး။ လယ်သမားတွေက နစ်နာတယ်။”

ဦးနေမျိုးဝေဟာ ဇေကမ္ဘာနဲ့ လယ်သမားတွေအကြား မြေယာအငြင်းပွားမှုတွေမှာ လယ်သမားတွေဘက်က ကူညီ ဆောင်ရွက်ပေးရင် တရားစွဲခံထားရပါတယ်။ ဒီကိစ္စမှာလည်း ကုမ္မဏီဘက်က လုပ်ပုံကိုင်ပုံတွေက ဥပဒေကို ချိုးဖောက်နေတယ်လို့  သူက ပြောပါတယ်။

“ဥပဒေနဲ့ မညီဘူးဆိုတာက မြေယာကို သိမ်းစဉ်ကာလတုန်းက အဲတုန်းက တည်ဆဲဥပဒေကို ကိုးကားရမယ်။ တည်ဆဲဥပဒေသည် ၁၉၅၃၊ ၁၉၆၃ ဥပဒေဖြစ်တယ်။ အဲဥပဒေမှာဆိုရင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့အကျိုးစီးပွား ပေါ်ပေါက်သက်ရောက်ခြင်းမရှိစေရ။ သိမ်းယူခြင်းမှာ ဘယ်လိုပြဆိုထားလဲဆိုတော့ နိုင်ငံတော်ရဲ့အခွင့်အရေးမှတပါး အခြား မည်သည့်အခွင့်အရေးမှ ပေါ်ပေါက်သက်ရောက်ခြင်းမရှိစေရ။ ဒါဆို တပ်မတော်၊ ကာကွယ်ရေးဝန်ကြီးဌာနဆို သိမ်းလို့ရတယ်။ ကျန်တဲ့ ကုမ္ပဏီတွေ ပေးခွင့်မရှိဘူး ဥပဒေအဟောင်းအရ၊ ခြွင်းချက်ရှိတယ်၊ ပုဒ်မ ၁၀ တွင် အတိအလင်းပြဋ္ဌာန်းထားသည်မှတပါး ဆိုတာ အဲမှာ ဘယ်လိုပြဋ္ဌာန်းထားလဲဆိုတော့ အိမ်ထောင်ခွဲသူ အကြီးအကဲတွေ၊ အမွေဆက်ခံသူတွေကို နိုင်ငံတော်က ရောင်းပေးလို့ရတယ်။ အခြား ဦးကြူဂျုံစက်၊ ဇေကမ္ဘာတို့၊ မက်စ်တို့ မလာနဲ့ ဘယ်သူမှပေးလို့မရဘူး။ ဒါတည်ဆဲဥပဒေပါ။ လန ၃၉ ဥပဒေမှာလည်း လန ၃၉ ချပြီး ၆ လအတွင်း အကောင်အထည်ဖော်ဆောင်ရမယ်။ အဲလို မလုပ်ဘူးဆိုရင် မူလလယ်မြေပိုင်ရှင်ဖြစ်တဲ့ မူလလယ်သမားပြန်လည်လုပ်ပိုင်ခွင့် ရရမယ်။ အခု အနှစ် ၂၀ ရှိပြီ။ ကျနော်တို့ ဥပဒေအတိုင်းသာ ဘီးစိတ်တိုက်ပြီး လိုက်မယ်ဆိုရင် တုပ်တုပ်တောင် လှုပ်လို့မရဘူး။ ကျနော်တို့ အဲလောက် မပြင်းထန်ပါဘူး။”

ရန်ကုန်တိုင်းတွင်းက မြေသိမ်းမှုတွေကို စုံစမ်းခဲ့တဲ့ ကော်မရှင်ထဲမှာ ပါတဲ့   ဦးခိုင်မောင်ရည်က ဒီမြေကိစ္စကို အချိန်မရတာကြောင့် မစုံစမ်းနိုင်သေးတာလို့ အခုလို ရှင်းပြပါတယ်။

“စုံစမ်းစစ်ဆေးရေးကော်မရှင် တနေရာပြီး တနေရာ လှည့်နေရတယ်။ အခု ဒဂုံထဲမှာတောင် ကိစ္စတွေ တော်တော်များပါတယ်။ ဒဂုံ အထူးဇုန် ၁ ကိုပဲ အခု ကိုင်တွယ်နိုင်သေးတယ်။ အချိန်နည်းနည်းယူရမှာဖြစ်လို့ အဲဘက်ကို မရောက်သေးတာပေါ့။ မလုပ်တာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းမှာရှိတဲ့ လယ်သိမ်းခံရတဲ့ကိစ္စတွေကို ဘယ်ဟာမှချန်ထားမှာ မဟုတ်ပါဘူး။ အကုန်ပြီးပြတ်အောင် လုပ်မှာပါ။”

ပြီးခဲ့တဲ့ ရက်ပိုင်းက လယ်သမား ၂၃၀ ကျော် လက်မှတ်ထိုးပြီး မြေယာစုံစမ်းရေးကော်မရှင် အဖွဲ့ကို တင်ပြထားထားတဲ့ စာမှာတော့ လယ် ၁ ဧကကို သိန်း ၅၀ နှုန်းနဲ့ လျော်ကြေးပေး ဖို့ တောင်းဆိုထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013