DVB Logo
Home
Lead Story
နိုးထလာတဲ့ နဂါးကြီးနဲ့ မြန်မာနိုင်ငံ (၁)
DVB
·
March 25, 2019
နိုးထလာတဲ့ နဂါးကြီးနဲ့ မြန်မာနိုင်ငံ (၁)
Donate to DVB

မြစ်ဆုံမှာ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ၊ ကြေးနီတောင်မှာ တရုတ်ဆန့်ကျင်ရေးတွေ အသံကျယ်လာတဲ့အချိန်။ အနောက်ဘက်တံခါးမှာ ဗုံးသံတွေ၊ သေနတ်သံတွေ ဆူညံနေတဲ့ အချိန်။ တနည်းအားဖြင့် အမှောင်ခေတ်က အမွေဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်။

အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တရုတ်-မြန်မာနယ်စပ် အရှေ့မြောက်တံခါး ဝ မြို့တမြို့ ဖြစ်တဲ့ မူဆယ်မြို့ကလေးကို ရောက်ခဲ့ပါတယ်။

ဒီနယ်စပ်မြို့ကလေးနားမှာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်လို့ခေါ်တဲ့ ကုန်သွယ်ရေးစခန်းတခု ရှိပါတယ်။ မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၇ ခုရှိတဲ့အထဲမှာ အဲဒီ မူဆယ် ၁၀၅ မိုင်စခန်းက ကုန်သွယ်မှုပမာဏ အမြင့်ဆုံးစခန်းတခု ဖြစ်ပါတယ်။

၂၀၁၈၊ ဧပြီလက ၂၀၁၉ ဖေဖော်ဝါရီလအထိ နှစ်နိုင်ငံ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်းပေါင်း ၄၈၉၈.၄၈ သန်း (ငါးသန်းနီးပါး) ရှိနေပါတယ်။ ပို့ကုန်က ဒေါ်လာသန်း ၃၃၉၉.၅၄ (သုံးသန်းကျော်) ရှိပြီး သွင်းကုန်က ဒေါ်လာသန်းပေါင်း ၁၄၉၀.၉၄ (တသန်းခွဲနီးပါး) ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒါကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာဘက်က သာနေတယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီကုန်သွယ်ရေးဂိတ်ကနေ သစ်၊ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ကျွဲနွား၊ သစ်သီးတွေနဲ့အတူ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းတွေကိုလည်း တဖက်နိုင်ငံကို တင်ပို့နေတာပါ။

ကျနော် ပထမဆုံး သွားရောက်သတင်းယူမိတဲ့ နေရာက ၁၀၅ မိုင် သစ်သီးဈေး။  မြန်မာဘက်က ဖရဲသီးနဲ့ သခွားမွေးတွေ တရုတ်ဘက်ကို လှိုင်လှိုင် တင်ပို့နေတဲ့ နေရာ။

သစ်သီးကွင်းလို့ခေါ်တဲ့ သစ်သီးဈေးကွက်ကလည်း အကျယ်ကြီး။ ကုန်ကားကြီးတွေကလည်း စနစ်တကျ ဝင်လို့ထွက်လို့။ မြန်မာသစ်သီးကား ဆယ်စီး တပြိုင်တည်း ဝင်ထွက် ရောင်းဝယ်နိုင်တဲ့ အဆောက်အဦမှာ ကုန်သည်တွေ ပွဲစားတွေနဲ့ ကြိတ်ကြိတ်တိုး။ တနေ့ကို ၁၆ တန် သစ်သီးတင် ကုန်ကားပေါင်း ၆၀၀ ကျော် အရောင်းအဝယ် ဖြစ်နေတဲ့နေရာ။

ဒီ သစ်သီးတွေဟာ မြန်မာပြည်တနံတလျားက လာရောက်လာတာပါ။

တရုတ်နှစ်ကူးကျော်လို့ ဖေဖော်ဝါရီလအတွင်း ရောက်တယ်ဆိုရင်ပဲ အရောင်းအဝယ် အထူးကောင်းတယ်တဲ့။

တရုတ်ပြည်ဘက်က ကုန်သည်တွေ၊ ပွဲစားတွေနဲ့ မြန်မာဘက်ခြမ်းက ကုန်သည်တွေဟာ အဲဒီဈေးကွက်မှာ စိတ်ကြိုက်ဈေးညှိနှိုင်း ရောင်းဝယ်နေကြပေါ့။ ဒါပေမယ့် ဒီမှာတင် အရောင်းအဝယ် မပြတ်ပါဘူး။ ဒီသစ်သီးကားတွေဟာ တရုတ်ပြည်ဘက်ခြမ်း ဝမ်တိန်သစ်သီးကွင်းကို ခရီးဆက်ရပါတယ်။ အဲဒီကိုရောက်မှ သစ်သီးတွေကို အသေးစိတ် ပြန်စစ်ဆေး၊ အသေအချာထုပ်ပိုး။ ၂၂ တန်တင်နိုင်တဲ့ တရုတ်ကုန်ကားပေါ် တင်။ ပြီးမှ တရုတ်ပြည်ထဲမောင်း။ ကားလမ်းတွေကလည်း ဖြူးလို့။ လမ်းတွေက အကျယ်ကြီး။ အတားအဆီးမရှိ။ ကုန်စိမ်းကားသွားဖို့ လမ်းတွေလည်း သီးခြားဖောက်ထား။ အဲဒီတော့ သူတို့နိုင်ငံထဲမှာ လိုရာခရီးကို မြန်မြန်ရောက်။ သစ်သီးတွေကလည်း လတ်တုန်းဆတ်တုန်းမို့ ဈေးကောင်းရကြ။

အဲဒီလို လတ်လတ်ဆတ်ဆတ် ရောင်းနိုင်ဖို့ ဝမ်တိန် သစ်သီးကွင်းမှာကတည်းက သေသေချာချာ ရွေး၊ ထုတ်၊ တင်ခဲ့ရတာပါ။

သစ်သီးရွေး၊ ထုပ်ပိုး၊ ကားပေါ်တင်တဲ့အလုပ်ကို မြန်မာအလုပ်သမားတွေပဲ လုပ်ကြပါတယ်။ အထူးသဖြင့် မြန်မာပြည် အထက်ပိုင်းနဲ့ မြေလတ်ပိုင်း ကျေးလက်တွေက လူငယ်လူရွယ်တွေပါ။

မြန်မာဘက်ခြမ်းမှာ လမ်းတွေက မကောင်းသေး၊ ၁၆ တန်ကုန်ကားတွေ သွားနိုင်အောင် လမ်းချဲ့ထားပေမယ့် တခါတခါ ကားမှောက်လို့၊ လမ်းပြင်လို့ တိုက်ပွဲဖြစ်လို့ ကားလမ်းပိတ်တာနဲ့ ကြုံရင်တော့ သစ်သီးတွေ ပုပ်ကုန်ရော။ အဲဒီတော့ ရှုံးပြီပေါ့။ တခါတလေ တရုတ်ဘက်က ဈေးပေးနည်းတဲ့အခါနဲ့ ကြုံရင်လည်း ထင်သလောက် အမြတ်မရတတ်ပါဘူးတဲ့။ အခုနောက်ပိုင်း တရုတ်ပြည်က စီးပွားရေးကောင်းလာတော့ ပစ္စည်းကောင်းကို ဈေးကောင်းပေးဝယ်တယ်။  ပစ္စည်းညံ့ရင်တော့ လုံးဝ လုံးဝ မဝယ်တော့ဘူးတဲ့။ ပစ္စည်းညံ့ညံ့ရောင်းဖို့ လာတဲ့သူတော့ ကားခတောင် ပြန်မရဘူးတဲ့။

သစ်သီးတင်တဲ့ မြန်မာကုန်ကားတစီးဟာ မန္တလေးက မူဆယ် ၁၀၅ မိုင် သစ်သီးကွင်း ခေါ် သစ်သီးဈေးကွက်ကို ရောက်ဖို့ ၁၅ နာရီလောက် ကြာတယ်။ အဲဒီကတဆင့် တရုတ်ဘက် သစ်သီးဈေးကွက် ဝမ်တိန်ကိုရောက်ဖို့ ပုံမှန် နာရီဝက်လောက် ထပ်မောင်းရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လမ်းကျဉ်းတာကြောင့်ရယ်၊ နယ်စပ်ဂိတ် ဖြတ်ကျော်တဲ့ စနစ်တွေကြောင့် ဆယ်နာရီကျော် ကြာတတ်ပါတယ်။ တနည်းအားဖြင့် မြန်မာပြည်အလယ်ပိုင်းကနေ တရုတ် ဝမ်တိန် သစ်သီးကွင်းထဲရောက်ဖို့ နာရီ ၂၄ နာရီကျော်လောက် အချိန်ပေးရတယ်လို့ ပြောနိုင်ပါတယ်။

တရုတ်ပြည်ဘက်ခြမ်းမှာတော့ သစ်သီးကားတွေ သွားတဲ့လမ်းကို သီးသန့် တလမ်းပေးထားလို့ ကားလမ်းပိတ်ဆို့တာ မရှိသလို ကားတွေကလည်း ၂၂ တန်တင်နိုင်တဲ့ ကားကောင်းတွေ ဖြစ်တာကြောင့် တရုတ်ဘက်ခြမ်းက ကုန်စီးဆင်းမှု ပိုကောင်းတယ်လို့ ဆိုပါတယ်။

တရုတ်ကုန်သွယ်ရေးကို အမီလိုက်ဖို့ဆို လမ်းတွေကောင်းရမယ်။ နယ်စပ်ကုန်သွယ် ဥပဒေကို သုံးသပ်ပြင်ဆင်ရမယ်။ လက်နက်ကိုင်တွေ စိုးမိုးနေတာကို ရပ်တန့်အောင်လုပ်ပြီး တရားဥပဒေ စိုးမိုးအောင် လုပ်ရမယ်။ ဝန်ထမ်းတွေရဲ့စိတ်ဓာတ်နဲ့ စွမ်းရည်ကို မြှင့်တင်ရမယ်။ တရုတ်တွေ အင်အားကြီးလာပုံကို လေ့လာရမယ်။ အတုယူရမယ်။ ဘယ်သူမှ မမြင်သေးတဲ့ အခွင့်အလမ်း အသစ်တွေကို ရှာဖွေရမယ်။ အဲဒါက ကျနော့်လို သာမန်လူတယောက်ရဲ့ အမြင်ပါ။ လက်တွေ့ကျကျ လုပ်မယ်ဆိုရင် ဒီထက် အများကြီး နက်ရှိုင်းတဲ့ အမြင်တွေ ရှိဖို့လိုမှာပါ။

မလွှဲသာ မရှောင်သာ လက်ခံခဲ့ရတဲ့ အမိုက်မှောင် အမွေဆိုးတွေကို အပြစ်တင် ငြင်းပယ်နေတာထက် အလင်းတွေ ထွန်းညှိပေးရမှာက ကျနော်တို့ပါ။

စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် တယောက်နဲ့တယောက် လက်တွဲဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒါကို အောင်မြင်အောင်လုပ်ဆောင်ဖို့ အစိုးရတွေထက် စီးပွာရေးသမားတွေ၊ ကုန်သည်တွေက ပိုစွမ်းပါတယ်။ ပိုအမြင်စူးရှပါတယ်။

နိုးထလာတဲ့နဂါးကို ရင်ဆိုင်တိုက်ခိုက်ဖို့ထက် မိတ်ဆွေဖွဲ့ကာ သူ့ကျောပေါ်တက်ပြီး လိုရာခရီးရောက်အောင် သွားနိုင်ဖို့ အရေးကြီးပါတယ်။

ကြီးမားတဲ့အင်အားထက် အင်အားနောက်ကွယ်က မေတ္တာတရားနဲ့ ဉာဏ်ပညာတွေက ပိုအစွမ်းထက်ပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013