
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ DHL အမြန်ချောပို့ ပါဆယ်ပစ္စည်းပို့ လုပ်ငန်းကို အပ်နှံလာတဲ့ မသင်္ကာဖွယ် ကတ္ထူပုံး ၁ ပုံးထဲကနေ နယူးဇီလန်နိုင်ငံပို့မယ့် အိုက်စ်မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ (တောင်) ရပ်ကွက်ရှိ ဟိုတယ်မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ DHL အမြန်ချောပို့ (ပြည်ပသီးသန့်ဌာန) ပါဆယ်ပစ္စည်းပို့လုပ်ငန်းကို အပ်နှံလာတဲ့ မသင်္ကာဖွယ် ကတ္ထူပုံး ၁ ပုံး ရောက်ရှိနေကြောင်း သတင်းအရ မတ် ၂၃ ရက်နေ့ မနက်ပိုင်းက မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲနဲ့ မူးယစ်အထူးအဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကတ္ထူပုံးအတွင်းမှ ခဲစက္ကူနဲ့ ပတ်ထားတဲ့ အိုက်စ်မူးယစ်ဆေး ၁၇၅၀ ဂရမ်၊ (၁ ဂရမ်ကို ၂၀,၀၀၀ ကျပ် နှုန်းနဲ့ တန်ဖိုးငွေကျပ် ၃၅၀ သိန်းအား သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေကို နယူးဇီလန်နိုင်ငံကို ပို့ဆောင်ဖို့ အပ်နှံခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းအရ တရားခံလို့ ယူဆရသူတွေဟာ 6M/××××Nissan Winglod ယာဉ်နဲ့ လာရောက် ခဲ့တာ တွေ့ရပါတယ်။
ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ အောင်မြေသာစံမြို့နယ်၊ မေဃသီရိ ရပ်ကွက်နေ ယာဉ်ပိုင်ရှင်ဖြစ်သူ မယုံယုံ နဲ့ ကွမ်းလုံမြို့နယ်၊ နမ့်ကျွမ်ကျေးရွာနေ ကျွမ်းစင်တို့ ၂ ဦးအား သက်သေခံယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကနဦးစစ်ဆေးချက်အရ ကွမ်းလုံမြို့နယ်နေ ကျန်ဟုန်(ခ)ကျန်ဖဟုန်ရဲ့ ဆက်သွယ်ပေးမှုနဲ့ အမည်မသိလူတဦးက မူးယစ်ဆေးဝါးထုတ်အား ဟိုတယ်မန္တလေးရှိ အမြန်ချောပို့ရုံးကို တရုတ်ယွမ်ငွေ ၁,၀၀၀ နဲ့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရပါတယ်။
ကျွမ်းစင်၊ မယုံယုံနဲ့ ကျန်ဟုန်(ခ)ကျန်ဖဟုန် တို့ ၃ ဦးအား မဟာအောင်မြေ မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၀(ခ)/၂၁ နဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











