DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အမွေအနှစ်ပျူမြို့ဟောင်း ဗိဿနိုးဒေသ ခရီးသွားမြှင့်တင်ရေး ကော်မတီဖွဲ့စည်းရန် ကြိုးပမ်း
DVB
·
March 24, 2019
ကမ္ဘာ့အမွေအနှစ်ပျူမြို့ဟောင်း ဗိဿနိုးဒေသ ခရီးသွားမြှင့်တင်ရေး ကော်မတီဖွဲ့စည်းရန် ကြိုးပမ်း
Donate to DVB

မကွေးတိုင်းသေကြီး တောင်တွင်းကြီးမြို့မှာရှိတဲ့ ဗိဿနိုးမြို့ဟောင်းကို နိုင်ငံခြားသား ခရီးသွားတွေ ၀င်ရောက်လာမှု မြှင်တင်ရေးအတွက် ကမ္ဘာ့အမွေအနှစ်ပျူမြို့ဟောင်းဗိဿနိုးဒေသ ခရီးသွားမြှင့်တင်ရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်ဖို့ ဒေသခံတွေ ကြိုးပမ်းနေကြပါတယ်။

တောင်တွင်းကြီးမြို့ ရွှေပြည်စံရာခန်းမမှာ မတ်လ ၂၁ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ကို ကျင်းပခဲ့ပြီး နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု မြှင့်တင်နိုင်ဖို့၊ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်ဖို့  ဗိဿနိုးမြို့ဟောင်းနဲ့ ပတ်သက်တဲ့ ကဗျာတွေရွတ်ဆိုပြီး ပြည်သူတွေ စိတ်ဝင်စားအောင် စည်းရှုံးလှုံ့ဆော်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ကဗျာရွတ်ဆိုပွဲစီစဉ်ကျင်းပသူ ဦးအောင်ဇော်မိုးက “ပြည်တွင်းပြည်ပက ခရီးသွားတွေ ပိုမိုစိတ်ဝင်စားလာအောင်၊ လည်ပတ်လာအောင် ဆောင်ရွက်ရင် ဒေသစီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာမယ်။ ပြည်သူတွေ ပူးပေါင်း ပါဝင်လာဖို့ သိရှိဖို့ ကဗျာရွတ်ပွဲကို ဆောင်ရွက်တာ” လို့ ပြောပါတယ်။

ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ဗိဿနိုးဌာနစု ဦးစီးအရာရှိ ဦးလင်းထွန်းကြည်က “ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ အခြားဆက်စပ်လေ့လာစရာတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ရင် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး ဒေသခံပြည်သူတွေ အလုပ်အကိုင်တွေ တိုးတက်လာမယ်” လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကော်မတီ ဖွဲ့စည်းပြီးရင် ဗိဿနိုးမြို့ဟောင်း သန့်ရှင်းသာယာ လှပလာအောင်လုပ်ဆောင်ပြီး အဆင့်မြင့်တည်းခိုခန်းတွေ၊ သန့်စင်ခန်းတွေ၊ စားသောက်ဆိုင် တွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ ဈေးနှုန်းချိုသာစွာနဲ့ ပေါ်ပေါက်လာအောင်နဲ့ ယူနက်စကိုရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဟန်ချက်ညီစွာ ဦးတည်ဆောင်ရွက်မယ်လို့ သိရပါတယ်။

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပျူမြို့ဟောင်း ဗိဿနိုးဒေသကို ၂၀၁၄ ခု ဇွန်လ ၂၅ ရက်နေ့မှာ UNESCO ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမူ့အမွေအနှစ်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း တနှစ်ကို နိုင်ငံခြားသားခရီးသွား ဧည့်သည် ၃၀၀ လောက်ထိ မြင့်တက်ခဲ့ပါတယ်။

အခုအခါမှာ နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၇၀ ကျော်လောက်သာ ဝင်ရောက်ပြီး ပြန်လည်ကျဆင်းလာတယ်လို့ ရှေးဟောင်းသုတေသနယဉ်ကျေးမှုဌာန မှတ်တမ်းတွေအရ သိရပါတယ်။

အေဒီ ၅ ရာစုအစောပိုင်းမှာ သရေခေတ္တရာမှ ပျူတို့က ဗိဿနိုးမြို့ကိုတိုက်ခိုက်ပြီး အုပ်ချုပ်နေတဲ့ ပန်ထွာဘုရင်မကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့ကိုမီးရှို့ဖျက်စီးခဲ့တယ်လို့ ရှေးဟောင်းသုတေသနဌာန သမိုင်းမှတ်တမ်းပြုစုထားပါတယ်။

ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013