DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်များကပေးတဲ့ သြဇာဟာ လူအများရဲ့ စိတ်နှလုံးကို အများကြီး လွှမ်းမိုးနိုင်ပါတယ် - ဒေါ်အောင်ဆန်းစုကြည်
DVB
·
March 24, 2019
ရုပ်ရှင်များကပေးတဲ့ သြဇာဟာ လူအများရဲ့ စိတ်နှလုံးကို အများကြီး လွှမ်းမိုးနိုင်ပါတယ် - ဒေါ်အောင်ဆန်းစုကြည်
Donate to DVB

ရုပ်ရှင်များကပေးတဲ့ သြဇာဟာ လူအများရဲ့ စိတ်နှလုံးကိုအများကြီး လွှမ်းမိုးနိုင်တာကြောင့် သိမ်မွေ့တဲ့ စွမ်းအားကို မှန်မှန်ကန်ကန်အသုံးချပြီး နိုင်ငံနဲ့ တကမ္ဘာလုံးအတွက် အကျိုးဖြစ်ထွန်း စေချင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မနေ့ညက ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပတဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အခုလို ပြောကြားခဲ့တာပါ။

“ကျမတို့နိုင်ငံကို ငြိမ်းချမ်းအောင်၊ ညီညွတ်အောင်၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်တဲ့နေရာမှာ အနုပညာဖန်တီးမှုများကလည်း ရှိနေတဲ့ သိမ်မွေ့တဲ့ စွမ်းအားကို အကျိုးရှိရှိ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ စဉ်းစားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရုပ်ရှင်များကပေးတဲ့ သြဇာဟာ လူအများရဲ့ စိတ်နှလုံးကိုအများကြီး လွှမ်းမိုးနိုင်ပါတယ်။ ဒါဟာ ကျမပြောလေ့ရှိတဲ့ Soft Power ပါပဲ။ အဲဒီလို သိမ်မွေ့တဲ့ စွမ်းအားကို မှန်မှန် ကန်ကန် အသုံးချပြီးတော့ ကျမတို့နိုင်ငံအတွက်သာမကဘဲ တကမ္ဘာလုံးအတွက်ပါ အကျိုးဖြစ်ထွန်း စေချင်ပါတယ်။”

ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဟာ ငွေကြေးအရ အတိုင်းအတာတခုထိပဲ ပံ့ပိုးပေးနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ တဖက်တလမ်းက ပံ့ပို့ပေးကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

“ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေဖို့ ဆိုရင် ရုပ်ရှင်လောကသားများရဲ့ ကြိုးပမ်းအားထုတ်မှုများအပြင် နိုင်ငံတော်ကလည်း ထိရောက်တဲ့ အကူအညီတွေပေးဖို့ လိုအပ်တယ်ဆိုတာ နားလည်မိပါတယ်။ မချမ်းသာသေးတဲ့အချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ငွေကြေးအရ ပံ့ပိုးမှုဟာ အတိုင်းအတာတခုအထိပဲ ရှိနိုင်မှာဖြစ်ပါတယ်။ သို့သော် ယခင်က ရိုက်ကူးဖို့ အခက်အခဲရှိခဲ့တဲ့ ကဏ္ဍများမှာ သက်သာလွယ်ကူစေဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက အားတက်သရော ကူညီဆောင်ရွက်ပေးနေကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း ရေရှည်မှာ အကျိုးအမြတ်ကြီးကြီးမားမား ရရှိလာနိုင်မှာဖြစ်တဲ့ ရုပ်ရှင်လုပ်ငန်းထဲကို ဝင်ရောက်ရင်းနှီးမြှုပ်နှံ ခြင်းအားဖြင့် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တဖက်တလမ်းက ပံ့ပိုးပေးကြဖို့ ဒီနေရာကနေ အထူးမေတ္တာ ရပ်ခံလိုပါတယ်။”

မနေ့က ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရုပ်ရှင်တသက်တာဆုရရှိခဲ့တဲ့ ၅ ထပ်ကွမ်း အကယ်ဒမီများရှင် သရုပ်ဆောင် မင်းသမီးကြီး မြင့်မြင့်ခင်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆုချီးမြှင့်ခဲ့ပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကတွေ၊ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သဘင်၊ ဂီတ အစည်းအရုံး အဖွဲ့ဝင်တွေ ရုပ်ရှင်ထူးချွန်ဆုအတွက် စိစစ်အကဲဖြတ် အဖွဲ့ဝင်တွေ၊ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များ၊ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013