DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ထူးချွန်ဆုများ ရွှေကြာနှင့်မုန်းစွဲ သိမ်းကျုံးရယူ
DVB
·
March 24, 2019
ရုပ်ရှင်ထူးချွန်ဆုများ ရွှေကြာနှင့်မုန်းစွဲ သိမ်းကျုံးရယူ
1 / 6
Donate to DVB

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ချီးမြှင့်ပွဲမှာတော့ ရွှေကြာနဲ့ မုန်းစွဲ ရုပ်ရှင်ကား ၂ ကားထဲကသာ ရုပ်ရှင်ထူးချွန်ဆုတွေ အ များကြီးရရှိခဲ့ပြီး ပရိသတ်တွေကြားမှာတော့ ပွဲဆူစေတဲ့ ညတည ဖြစ်ခဲ့ရပါတယ်။

ဒီပွဲကို ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာနိုင်ငံ ရုပ် ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းတို့ကလည်း နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြတာပါ။

အခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရုပ်ရှင်တသက်တာဆုကိုတော့ ၅ ထပ်ကွမ်း အကယ်ဒမီများရှင် သရုပ်ဆောင် မင်းသမီးကြီး မြင့်မြင့်ခင်ကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက်ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာလည်း အကယ်ဒမီဆု ၁၂ ဆု ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။

ထူးခြားတာကတော့ အခုနှစ်မှာ ရွေးချယ်ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာ ရွှေကြာနဲ့ မုန်းစွဲရုပ်ရှင်ကားတွေက အကယ်ဒမီထူးချွန်ဆု ၄ ဆုစီနဲ့ ဦးဆောင်ခဲ့ပြီး မှော်ဝင်သမန်းကျား၊ နောင်တွင် ဥဒါန်းတွင်စေသတည်း နဲ့ Dimensions မျက်နှာပြင်များ ရုပ်ရှင်ကားတွေက အကယ်ဒမီ တဆုစီရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေကြာရုပ်ရှင်ကားကတော့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ တည်းဖြတ်ဆုကို ကျော်ခိုင်စိုး၊ ဇာတ်ညွှန်းဆုကို ၀ိုင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ဖွေးဖွေးတို့က ရရှိခဲ့ပြီး မုန်းစွဲရုပ်ရှင်ကားကတော့ အကောင်းဆုံးအသံဆုကို ကိုအေး၊ ဓာတ်ပုံဆုကို ၀င်းလွင်ထက်၊ ဒါရိုက်တာဆုကို သြရသ၊ အမျိုးသားဇာတ်ပို့ဆုကို ကျော်ကျော်ဗိုတို့က ဆွတ်ခူးရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မှော်ဝင်သမန်းကျားရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မင်းသား သူထူးစံက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်အကယ်ဒမီဆု၊ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အေးမြတ်သူက အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုနဲ့ Dimensions-မျက်နှာပြင်များ ရုပ်ရှင်ကားထဲက ရှလုံးအမ်ရောနမ်က အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု တဆုစီ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

အကယ်ဒမီရှေ့ပြေးအဖြစ် နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ မီ၊ မုဒြာရဲ့ ခေါ်သံ၊ ဥပါယ်တံမျဉ်စတဲ့ ရုပ်ရှင်ကားတွေကတော့ အကယ်ဒမီဆုတဆုမှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါဘူး။

ပရိသတ်တွေကြားမှာတော့ အကယ်ဒမီထင်ကြေးပေးထားခဲ့ပြီး ရုံပြည့်ရုံလျှံအား ပေးခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ၊ သရုပ်ဆောင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ဆုတဆုမှ မရရှိခဲ့တဲ့အပေါ် ဝေဖန်သံတွေလည်း ထွက်ပေါ်လို့ နေခဲ့ပါတယ်။

နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ပုံဖော်ရိုက်ကူးခဲ့ပြီး အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ရုပ်ရှင်ကားရဲ့ ပဲ့ကိုင်ရှင် လူငယ်ဒါရိုက်တာ ဏကြီးဟာ ဆန်ကာ တင်စာရင်းမှာတောင် ပါဝင်မလာခဲ့တာကိုလည်း ပရိသတ်တွေက အံ့အားသင့်နေခဲ့ကြပါတယ်။

နောက်ပြီး အဲဒီကားထဲက အဓိက ဇာတ်ကောင်မိန်းကလေး မီအဖြစ် ပီပီပြင်ပြင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ပိုင်ဖြိုးသုဟာလည်း ဆန်ကာတင် ၄ ဦးစာရင်းမှာသာ ပါဝင်ခဲ့ပြီး အကယ်ဒမီနဲ့တော့ လွဲချော်ခဲ့ရတာပါ။

ရုတင်ပြသခဲ့ချိန်ကတည်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဒီရုပ်ရှင်ကားထဲက အ သံပိုင်းဆိုင်ရာတွေ၊ ရုပ်ရှင်ကားထဲမှာ သရုပ်ဖော်ထားတဲ့ ခေတ်နဲ့ လိုက်လျောညီထွေတဲ့ မိတ်ကပ်အပြင်အဆင်နဲ့ သေသပ်တဲ့ ရိုက်ချက်တွေ၊ ဓာတ်ပုံတွေ၊ အံဝင်ခွင်ကျဖြစ်နေတဲ့ သရုပ်ဆောင်တွေကို အကယ်ဒမီရှေ့ပြေးစာရင်းထဲမှာတော့ ပရိသတ်တွေက ထင်ကြေး ပေးထားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ထပ်ရုပ်ရှင်ကားတကားဖြစ်တဲ့ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ကားကတော့ နိုင်ငံတကာမှာ ကနဦးရုံတင်ပြသခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိခဲ့ပေမယ့် ပြည်တွင်းမှာ ရွေးချယ်ချီးမြှင့်တဲ့ အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ဆုတဆုမှ မရရှိခဲ့တာကလည်း အခုနှစ်ရဲ့ သတိပြုမိစရာ အဖြစ်အပျက်တခုပါပဲ။

ဒီကားကို ရိုက်ကူးခဲ့တဲ့ အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီကတော့ အကယ်ဒမီ ဆန်ကာတင် ၄ ဦးစာရင်းထဲမှာသာ ပါဝင်ခဲ့ပြီးမှ ပြုတ်ကျကျန်နေခဲ့ပြီး ဒီကားထဲက တခြားထူးချွန်ဆုတွေလည်း တဆုမှ ရရှိခဲ့ခြင်းမရှိပါဘူး။

ခရစ္စတီးနားခီရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားတကားဖြစ်ပြီး မြန်မာ့ရုပ်ရှင်အရွေ့လို့ တင်စားပြောခဲ့ကြတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားဟာလည်း နာမည်သာကြီးခဲ့ပေမယ့် ဆုတဆုကိုမှ မရရှိခဲ့ပါဘူး။

ဒီကားထဲက သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ သက်မွန်မြင့်၊ အောင် မြင့်မြတ်တို့ကိုလည်း ပရိသတ်တွေက ထင်ကြေးပေးရွေးချယ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ကောင်းမွန်သေသပ်တဲ့ အားထုတ်မှုတွေနဲ့ ရုပ်ရှင်ကားတွေထဲက အကယ်ဒမီဆု ရ သင့်သူတွေ မရရှိပဲ မုန်းစွဲနဲ့ ရွှေကြာ ရုပ်ရှင်ကား ၂ ကားထဲကသာ ဆုတွေ သိမ်းကျုံး ရယူသွားတဲ့ အပေါ်လည်း ပရိသတ်တွေကြား ငြင်းခုံဝေဖန်မှုတွေ ရှိနေကြပါတယ်။

ဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013