DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ် ညီလာခံကျင်းပ
DVB
·
October 14, 2012
ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ် ညီလာခံကျင်းပ
Donate to DVB

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်လုံးကျွတ်ညီလာခံကို  အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ပါတီဌာနချုပ်တည်ရှိရာ နေပြည်တော်မှာ စတင်ကျင်းပပြီး ပါတီတွင်း စည်းလုံးညီညွတ်မှုရှိကြဖို့ ပါတီရဲ့ ဒု - ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းသွားပါတယ်။

ကြံ့ခိုင်ရေးပါတီ  ညီလာခံကို  သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ဒု - ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြည်နယ်နဲ့ တိုင်းအသီးသီးက ကိုယ်စားလှယ် ၈၀၀ ကျော် တက်ရောက်ပြီး ၁ နှစ်တာ အတွင်း ဆောက်ရွက်ချက်တွေ အစီရင်ခံစာတွေ ဖတ်ကြားဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီညီလာခံထူးခြားချက်နဲ့ ပတ်သက်ပြီး ညီလာခံတက်ရောက်နေသူ တဦးဖြစ်တဲ့  ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် ဒေါက်တာ စိုးမင်းက  “ဒီနေ့ကတော့ ပြည်နယ်နဲ့တိုင်းအလိုက် တနှစ်တာအတွင်း လုပ်ကိုင်ဆောင်ရွက်တာတွေကို တင်ပြကြတာပါ။ ထူးခြားချက်ကတော့ အသင်းကနေ ပါတီဖြစ်လာတယ်၊ ရှေ့ဆက် လုပ်ငန်းစဉ်တွေရှိတော့ ကျန်ခဲ့တာတွေမှာ အားသာချက်တွေ အားနည်းချက်တွေ ရှိတယ်လေ။ အားသာချက်တွေကိုလည်း အားရှိအောင်လုပ်ရမယ်။ အားနည်းချက်တွေကိုလည်း ပြုပြင်ကြဖို့ အဓိက ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

ညီလာခံ အဖွင့်မိန့်ခွန်းမှာ သူရဦးရွှေမန်းက ပါတီစည်းလုံးညီညွတ်ရေး အဓိကထား စကားပြောကြားခဲ့ပြီး ပါတီကိုယ်စားလှယ်တွေကလည်း ပါတီတွင်း  စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်တဲ့ စာတမ်းတွေ ဖတ်ကြားဖို့ ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ထိကျင်းပမယ့်   ညီလာခံအတွင်း ပါတီဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပါတီခေါင်းဆောင်သစ် ရွေးချယ်ဖို့နဲ့ ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကာက်ပွဲမှာ အန်အယ်လ်ဒီပါတီကို ရှုံးနိမ့်သွားပြီးနောက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စတွေက လွှမ်းမိုးနေမယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကတော့ ညီလာခံမှာ ပြည်သူလူထုကို ဘယ်လိုပိုပြီး အလုပ်အကျွးပြုနိုင်မလဲဆိုတာ ဆွေးနွေးကြမှာဖြစ်ပြီး  ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက်သာ ရည်ရွယ်တာမဟုတ်ဘဲ အနိုင်မရရင်တောင်မှာ ဘယ်လို ဆက်အလုပ်လုပ်သွားမလဲဆိုတာ ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ အေအက်ဖ်ပီ သတင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ပြည်လုံးကျွတ်ညီလာခံ မကျင်းပနိုင်သေးဘဲ မန္တလေးနဲ့ နေပြည်တော် အပါအ၀င် မြို့နယ်တချို့မှာ ရပ်ကျေးညီလာခံတွေ စတင်ကျင်းပနေချိန်မှာ ကြံ့ခိုင်ရေး ပါတီက ပြည်လုံးကျွတ်ညီလာခံ ခေါ်ယူကျင်းပတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013