DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုအပေါ် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌချီးကျူး
DVB
·
October 14, 2012
မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုအပေါ် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌချီးကျူး
Donate to DVB

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၀န်ကြီးအဆင့် ဆွေးနွေးပွဲကို စနေနေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ပြီး မြန်မာပြည်က တိုးတက်မှုတွေ အပေါ် ချီးကျူးလိုက်ပါတယ်။

တိုကျိုမြို့မှာ ကျင်းပတဲ့ အစည်းအဝေးကတော့ ကမ္ဘာကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေ အကြောင်း ဆွေးနွေးကြတာဖြစ်ပါတယ်။ အဲဒီအထဲမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ငွေကြေးထောက်ပံ့ပေးရေးကိစ္စတွေ ပါဝင်ပြီး မြန်မာပြည်က အပြောင်းအလဲတွေ အပေါ် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်းမ် ယောင် ကင်းမ် က ချီးကျူးသွားလိုက်ပါတယ်။

[caption id="attachment_31920" align="alignleft" width="270" caption="ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်းမ် ယောင် ကင်းမ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

သတင်းစာရှင်းလင်းပွဲမှာ “မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ကမ္ဘာ့ဘဏ်က ချီးကျူးပါတယ်။ ဒါပေမယ့် ရှေ့မှာ လုပ်ဆောင်ရမှာတွေကလည်း ရှိပါသေးတယ်။ လက်ရှိအစိုးရရဲ့အခုအထိ လုပ်ဆောင်ချက်တွေ အပေါ်မှာ ကမ္ဘာ့ဘဏ်က အကူအညီတွေ ပေးနေသလို၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ အတွက်လည်း အထောက်အပံ့တွေ ပေးသွားမယ်”လို့ ပြောသွားတာပါ။

မြန်မာပြည်ကို ကမ္ဘာ့ဘဏ်က ၁၉၈၇ ခုနှစ်ကတည်းက ငွေမချေးဘဲ ထားရာကနေ မြန်မာပြည်မှာ မနှစ် မတ်လက အစိုးရသစ်တက်လာတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့နောက်မှာ တခြား အလှူရှင်နိုင်ငံတွေနည်းတူ ကမ္ဘာဘဏ်လည်း တကျော့ပြန်ဝင်လာတာပါ။၊

အမေရိကန် နိုင်ငံခြားရေးဌာနလက်အောက်မှာရှိတဲ့ ဘဏ္ဍာရေးပေါ်လစီတွေနဲ့ ပတ်သက်လို့ အကြီးတန်း သံတမန်တဦးဖြစ်တဲ့ လာရယ် ဘရင်းနာတ်ကလည်း မြန်မာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာတဲ့အပေါ်မှာ အခုလို ချီးကျူးစကားဆိုပါတယ်၊၊

“အမေရိကန် အစိုးရက မြန်မာပြည်ရဲ့လက်ရှိအပြောင်းအလဲတွေအပေါ်မှာ ဆက်ပြီးတော့ တိုက်တွန်းသွားပါတယ်။ တချိန်တည်း အမေရိကန်ဘက်က မြင်တာကတော့ မြန်မာပြည်ရဲ့ လက်ရှိအပြောင်းအလဲထဲမှာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့လည်း ပါလာမယ်ဆိုရင်  မြန်မာပြည်သူတွေအတွက် ပိုပြီးတော့ အကျိုးရှိတဲ့ အပြောင်းအလဲဖြစ်အောင် ကူညီနိုင်လိမ့်မယ်လို့ ထင်တယ်။”

မြန်မာပြည်ကို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက ဖွံ့ဖြိုးရေးချေးငွေထုတ်ပေးလို့ မရအောင် ပိတ်ထားတဲ့ ဥပဒေကို အမေရိကန် ကွန်ဂရက်က ပြန်ရုပ်သိမ်းပေးလိုက်ပါပြီ။ တဆက်တည်း အမေရိကန် သမ္မတ အိုဘားမားကလည်း ကမ္ဘာ့ဘဏ်လို နို်င်ငံတကာ အဖွဲ့အစည်းတွေက မြန်မာပြည်ကို ဖွံ့ဖြိုးရေးချေးငွေတွေ ထုတ်ပေးဖို့ အခွင့်အာဏာတွေကို ပြန်လည်အပ်နှင်းလိုက်ပါပြီ၊၊

“မြန်မာအစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ ပြန်ပြီးတော့ လုပ်ကိုင်လာမယ်။ ဆက်ဆံရေးပြန် ကောင်းလာမယ်၊ အမေရိကန် သမ္မတကလည်း အရေးကြီးတဲ့ ဥပဒေမှာ လက်မှတ်ထိုးထားလိုက်ပြီဆိုတော့ အကူအညီတွေကို ပေးလို့ ရသွားပါပြီ။ အကြွေးရှင် နိုင်ငံတွေကလည်း အကြွေးတွေကို လျော်ပေးဖို့ကိစ္စကို ဆွေးနွေးကြဖို့ ရှိဖို့ ရှိပါတယ်။ အမေရိကန်ကလည်း ဒါတွေအပေါ်မှာ ထောက်ခံသွားမှာပါ။”

ဒီတိုးတက်မှုတွေဟာ မနှစ် မတ်လက ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်တက်လာတဲ့ နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေး လိုက်တာ၊ သမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပေးလိုက်တာ၊ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ အပစ်အခတ်ရပ်စာချုပ်တွေ ချုပ်ဆိုတာ၊ မီဒီယာ ဆင်ဆာဘုတ်ကို ဖျက်သိမ်းပေးလိုက်တာ၊ ငွေကြေးပေါ်လစီမှာ အပြောင်းအလဲတွေကို လုပ်တဲ့အပေါ်မှာ နိုင်ငံတကာက  အသိအမှတ်ပြု တုံ့ပြန်ကြတာ ဖြစ်ပါတယ်။

ဒီလပိုင်းတွေအတွင်းမှာပဲ  ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုအပါအ၀င် တခြားနိုင်ငံတွေကလည်း မြန်မာပြည်အပေါ် အရင်တုန်းက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုပ်ပေးတာ၊ ဒါမှမဟုတ် ဆိုင်းငံ့ထားတာတွေ လုပ်ပေးထားပါတယ်၊၊

တိုကျိုမှာ ကြာသာပတေးနေ့က ကမ္ဘာဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေ (အိုင်အမ်အက်ဖ်) အဖွဲ့ဝင် နိုင်ငံတွေရဲ့ဝန်ကြီးအဆင့် အစည်းအဝေး အဖွင့်မှာပဲ ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကိုရီကီ ဂျိုဂျီးမာက  မြန်မာပြည်ကနေ ရစရာရှိတဲ့ အကြွေးတွေ အားလုံးကို လျှော်ပေးလိုက်ရုံ သာမက၊ တခြားဆပ်စရာရှိတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ ပေါင်းကူးချေးငွေတွေကို နောင် နှစ်ဆန်းလောက်မှာ ထုတ်ပေးသွားမယ်လို့  ပြောသွားပါတယ်၊၊

“၂၀၁၃ ဇန်န၀ါရီကျရင် မြန်မာပြည်က ဆပ်စရာရှိတဲ့အကြွေးတွေ အားလုံး ဆပ်နိုင်အောင် ဂျပန်က အကူအညီပေးဖို့ ဆုံးဖြတ်ထားပါတယ်၊၊ ၁၉၈၇ ခုနှစ်အထိ ဂျပန်က မြန်မာပြည်ကို ပေးခဲ့တဲ့ ချေးငွေတွေကိုလည်း ပြန်မယူတော့ပါဘူး၊ ပေါင်းကူးချေးငွေအဖြစ်နဲ့ အကူအညီ ပေးသွားပါမယ်။”

ဂျပန်ချေးငွေက မြန်မာ့ကြွေးမြီအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး အားလုံးကို ဂျပန်က လျှော်လိုက်တာပါ၊ ဒါအပြင် ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို ပေးရမယ့် ကျန် ၄၀ ရာခိုင်နှုန်းကို ပြန်ဆပ်နိုင်အောင် ဂျပန်က ပေါင်းကူးချေးငွေ ထုတ်ပေးသွားမယ့်အကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီးက ထပ်ပြီး ကတိပေးလိုက်တာပါ။

ကြွေးကျန်တွေကို ဂျပန်က ဒီလို ကြားက ကူညီရှင်းပေးလိုက်မယ်ဆိုရင် ကမ္ဘာ့ဘဏ်ရော၊ အာရှဖွံ့ဖြိုးရေးဘဏ်ရော မြန်မာပြည်ကို တင်းပြည့်ကျပ်ပြည့် အကူအညီပေးဖို့ လမ်းပွင့်သွားမယ်လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

တိုကျိုက အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာဘဏ္ဍာရေးဝန်ကြီးကလည်း ဂျပန်ရဲ့အကူအညီအတွက် မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေ ကိုယ်စား ကျေးဇူးတင်တဲ့ အကြောင်း ထည့်သွင်းပြောကြား သွားပါတယ်။

“ကျနော်တို့ အစိုးရအနေနဲ့ မြန်မာပြည်သစ်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင်၊ အားလုံးလွှမ်းခြုံနိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးရေးဖြစ်အောင် တည်ဆောက်သွားနေပါတယ်။ သဟဇာတဖြစ်တဲ့ အာရှအသိုက်အ၀န်းကို တည်ဆောက်တဲ့နေရာမှာ မြန်မာပြည်ကိုယ်တိုင်ကလည်း တက်တက်ကြွကြွနဲ့ တာဝန်ကျေပြွန်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ချင်ပါတယ်။”

၁၉၄၂ ကနေ ၁၉၄၅ အထိ မြန်မာပြည်ကို ကျူးကျော်ခဲ့တဲ့ ဂျပန်ဟာ လွတ်လပ်ရေး ရတဲ့နောက်ပိုင်း မြန်မာပြည်ရဲ့အဓိက ကြွေးရှင်နိုင်ငံဖြစ်ခဲ့ပြီး၊ ဧပြီလတုန်းက ဂျပန်က လျှော်ပေးလိုက်တဲ့ အကြွေးက အမေရိကန် ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013