DVB Logo
Home
မြန်မာသတင်း
ပဒိုစောဒေးဗစ်ထော ကွယ်လွန်
DVB
·
October 15, 2012
ပဒိုစောဒေးဗစ်ထော ကွယ်လွန်
Donate to DVB

ရန်ကုန် မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ဗဟိုတရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၃၇ မိနစ်မှာ ကွယ်လွန်သွားပြီလို့ မိသားစုဝင်တဦးက ပြောပါတယ်။ `

ပဒိုဒေးဗစ်ထောဟာ အစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့အကြား  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စတွေ ဆက်အကောင်အထည်ဖော်တဲ့အနေနဲ့ ဘားအံမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ပြီး  ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက  ရန်ကုန်မှာ  အလည်အပတ် သွားရောက်ခဲ့ပါတယ်။

[caption id="attachment_31908" align="alignleft" width="300" caption="ပဒိုစောဒေးဗစ်ထော"][/caption]

ပြီးခဲ့တဲ့ ၁ ပတ်လောက်ကတည်းက အဆုတ်ရောဂါကုသဖို့ ရန်ကုန်က အက်စ်အက်စ်စီ အထူးကုဆေးခန်းမှာ တက်ရောက်ကုသနေရင်း ကျန်းမာရေး အခြေအနေ ဆိုးရွားလာတဲ့အတွက် မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကု သမှုခံယူနေတာ ဖြစ်ပါတယ်။

အဆုတ်ရောဂါဝေဒနာကို အဓိက ခံစားခဲ့ရပြီး နှလုံး၊ ဆီးချိုနဲ့ အသည်းရောဂါတွေပါ ဖြစ်ပွားတဲ့ အတွက် သေဆုံးရတာလို့ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

သူ့ရဲ့ရုပ်ကလာပ်ကို မင်္ဂလာဒုံစစ်ဆေးရုံကနေ ညတွင်းချင်းမှာပဲ ကေအန်ယူဗဟိုဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေအတွင်းက သေဘေးထမှာ ယူဆောင်လာပြီဖြစ်ပြီး အဲဒီမှာပဲ ဈာပန အခမ်းအနား ပြုလုပ်သွားမှာဖြစ်ကြောင်း မိသားစုဝင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုဒေးဗစ်ထော၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာနတာဝန်ခံ ပညာ ရေးဌာနမှူး ဗိုလ်မှူးရောဂျာတို့ ၃ ဦးကို တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ပဒိုဒေးဗစ်ထောအကြောင်းနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ပဒိုသမိန်ထွန်းက အခုလို ပြောပါတယ်။

“အင်းစိန်မှာ မွေးလာတဲ့သူ။ ရန်ကုန်တက္ကသိုလ်တက်တယ်၊ သမိုင်း(မဟာဝိဇ္ဇာ)နဲ့ အောင်တယ်။ နောက် အစိုးရ၀န်ထမ်းလုပ်တယ်၊ အင်းစိန် သမ၀ါယမမှာလည်း ကိုင်တွယ်တယ်၊ နောက် မြို့နယ်ကောင်စီဝင်ဖြစ်တော့မယ် လုပ်တော့ ကေအန်ယူနဲ့ ဆက်သွယ်တယ် ပြောတာရှိတယ်၊ နောက် သမ၀ါယမ ငွေစာရင်းပြဿနာလည်း ရှိတယ်။ အထူးသဖြင့် အစိုးရက ကေအန်ယူနဲ့ အဆက်အသွယ်ရှိတယ် စွပ်စွဲတော့ သူ တောထဲပြေးလာတယ်လေ။ ၁၉၇၈-၇၉ တပ်မဟာ ၇ မှာ တပ်ကြပ်ကြီးအဆင့်နဲ့ တပ်ထဲဝင်တယ်လေ။ သူက ပညာတတ်လည်းဖြစ်တော့ ကျောင်းမှာလည်း ကျောင်းဆရာလုပ်တယ်။ ဗဟိုကနေ သူ့ကိုပြန်ခေါ်တယ်လေ၊ ၁၉၈၄ လောက်မှာ တိုးချဲ့အရန် ဗဟိုကော်မတီမှာ ပါလာပြီး ဗဟိုမှာပဲ တာဝန်ထမ်းဆောင်တယ်။ ၁၉၈၈ မှာ ကျောင်းသားတွေလည်း ရောက်လာကြတော့ အင်္ဂလိပ်စကားပြောမယ့်သူ နည်းတော့ သူ့ကို ဆက်သွယ်ရေးမှာထားတယ်။ နောက်ပိုင်းမှာ ၁၉၉၅ ခု ၁၁ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကျတော့ သူတို့က နိုင်ငံခြားရေးရာပြန်ကိုင်ရတယ်လေ။ နိုင်ငံခြားရေးမှာ ၂ ယောက် ၃ ယောက် ထားရတယ်လေ။ အဲမှာ သူက အတွင်းရေးမှူးနဲ့တူတယ်။ အထူးသဖြင့် သူက နိုင်ငံခြားရေးမှာများတယ်။ နောက်ပိုင်း တရားရေးဌာနမှာ ပြန်ထိုင်ခိုင်းတယ်လေ။ နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးလာကြတော့ သူကလည်း ခဏ ခဏ ၁၉၉၅ တုန်းကလည်း တွေ့ဆုံဆွေးနွေးရေးသွားဖူးတဲ့လူ။ သူကအတွေ့အကြုံရှိတော့ သူ့ကို ခန့်ရင်းနဲ့ နောက်ပိုင်း ဘားအံမှာ ဆွေးနွေးပွဲလုပ်ရင်းနဲ့ ကျန်းမာရေးကဆိုးလာတော့ ရန်ကုန်မှာသွားကုတာ၊ နောက်ဆုံး ရောဂါကသိပ်ရင့်နေတော့၊ ၁၇ ရာခိုင်နှုန်းပဲ အဆုတ်က ကောင်းတယ်ဆိုတော့လေ၊ ဘယ်လိုမှ ကုမရဘူး။ ဆုံးသွားတာပဲ။”

ပဒိုဒေးဗစ်ထော ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိပြီး ဇနီးသည်နဲ့ သားသမီးတွေ ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013