DVB Logo
Home
Lead Story
သဲမီဒူ
DVB
·
March 22, 2019
သဲမီဒူ
1 / 4
Donate to DVB

‘သဲမီဒူ’ ဆိုတာ ကယားစကားဖြစ်ပြီး ကယားတို့ရိုးရာ တောကောင်လိုက်ပွဲကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ကယားလူမျိုးတွေဟာ ရိုးရာပွဲတွေဖြစ်တဲ့ ကေ့ထိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲ၊ ကေး (ခေါ်) တောလိုက်ပွဲတွေအပြင် တခြားရိုးရာပွဲတော်တွေလည်း ကျင်းပလေ့ ရှိကြပါတယ်။

ကေး (ခေါ်) တောလိုက်ပွဲမှာဆိုရင် ငှက်လိုက်ပွဲနဲ့ တောကောင်လိုက်ပွဲတွေရှိပြီး  တောကောင်လိုက်ပွဲကို ကယားဘာသာစကားနဲ့ ‘သဲမီဒူ’ လို့ ခေါ်ဆိုကြတာပါ။

အဆိုပါ တောကောင်လိုက်ပွဲကို နှစ်စဉ် မတ်လမှာ ကျင်းပလေ့ရှိပါတယ်။ တောကောင်လိုက်ပွဲဟာ တောကောင်ရှိရာ တောတောင်ထဲ မသွားမီ ရိုးရာအရ ကြက်ရိုးထိုးတာ၊ ကြက်ဥနဲ့ကြည့်တာ စတာတွေကို အရင်ဆုံး ပြုလုပ်လေ့ ရှိကြပါတယ်။

လွိုင်ကော်မြို့နယ် ချိကယ် ဒေါကလို့ခူရွာ ရိုးရာဓလေ့ တောကောင်လိုက်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၇ နဲ့ ၁၈ ရက်နေ့ ၂ ရက်တာ ပြုလုပ်ခဲ့ပါတယ်။

တောကောင်လိုက်တဲ့ ပထမနေ့မှာ တောကောင်မရတဲ့အတွက် ဒုတိယနေ့ ဆက်လိုက်ခဲ့ကြတာလို့ ဒေါ့ကလို့ခူ လူငယ်ခေါင်းဆောင် ခူးအီးရယ်ဆန်းက ပြောပါတယ်။

တောကောင်လိုက်ပွဲဟာ ငှက်လိုက်ပွဲပြီးမှ ကျင်းပလေ့ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ကျတော့ ငှက်လိုက်ပွဲပြီးရင် တောကောင်လိုက်ပွဲပေါ့နော်။ သူက ငှက်လိုက်ပွဲထက် ပိုပြီးတော့ အယူကြီးတယ်။ ပထမတရက်ဆိုရင် ကြက်ရိုးထိုးပွဲလုပ်တယ်။ ကြက်ရိုးကိုကြည့်ပြီးမှ မနက်ဖြန်ဆိုရင် မနက်ဖြန်ပေါ့၊ ကြက်ရိုးပေါ်မှာ မူတည်တယ်ပေါ့။ မနက်ဖြန် ကျတယ်ဆိုရင်လည်း မနက်ဖြန် ရွာလုံးကျွတ်လိုက်ရတယ်။”

ရိုးရာအရ တောကောင်လိုက်တဲ့နေ့တွေမှာဆိုရင် ရွာမှာရှိတဲ့ အမျိုးသားတွေအားလုံး လိုက်ပါကြရပြီး အိမ်မှာကျန်နေတဲ့ အမျိုးသမီးတွေလည်း အဝတ်လျှော်တာတွေ၊ တခြားအလုပ်တွေကို မလုပ်ရဘူးလို့ ဆိုပါတယ်။

“သွားတာက အကုန်လုံးသွားကြရတယ်။ နေမကောင်းတာက လွဲရင်ပေါ့။ မသွားနိုင်တဲ့ အဘိုးကြီးတွေဆိုရင် နေခဲ့ရတယ်။ နေခဲ့ရုံနဲ့မပြီး သူတို့က တရွာလုံး ကင်းစောင့်ရသေးတယ်။ သူတို့က ဧည့်သည်တွေ ပေးမဝင်ရဘူး။ ပြီးမှ ရွာက မိန်းကလေးတွေနေခဲ့တဲ့ မိန်းကလေးတွေ ဆိုရင်လည်း ဒီလို အဝတ်အစား မလျှော်ရဘူး၊ တီဗွီတွေဘာတွေ ကြည့်လို့မရဘူး။ အဲလို ဆူဆူညံညံ လုပ်လို့မရဘူးလေ။”

အမျိုးသားတွေ တောကောင်လိုက်ချိန် အမျိုးသမီးတွေ သတိရှိရှိနေရပြီး ညွှန်ကြားချက်အတိုင်း မနေရင်တော့ တောလိုက်တဲ့ အမျိုးသားတွေအတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

“အဲလိုမျိုး မနေလို့ရှိရင် အရှေ့မှာ ကျနော်တို့သွားတဲ့ အမျိုးသားတွေ၊ လူငယ်တွေ အကုန်လုံးပေါ့၊ အဲလို သွားတဲ့သူတွေအတွက် အသက်အန္တရာယ် များတယ်လေ။ တောကောင်လိုက်ပွဲဆိုတာက သေနတ်နဲ့ မောင်းရတယ်လေ။ အဲလိုမျိုးကျတော့ မောင်းသမားနဲ့ သေနတ်သမားဆိုတော့ အဲလို သေချာလေး ဂရုစိုက်ရတာပေါ့။ အဓိကလည်း ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေ တခုခုမလုပ်ဖို့ပေါ့။ လုပ်ရင် လမ်းတအား ပိတ်တယ်လေ။ လမ်းပိတ်တယ်ဆိုတာ တောကောင် ဘယ်လောက်ပဲထွက်ထွက် သေနတ်ပစ်ရင်လည်း မထွက်တာတို့ မမှန်တာတို့ အဲလိုမျိုး ရှိတယ်လေ။ အဲတော့ ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေ တအားကို ကောင်းကောင်းလေး နေထိုင်ရမှာပေါ့။”

ဒါ့အပြင် တောလိုက်ပွဲသွားတဲ့ အမျိုးသားတွေ အနေနဲ့လည်း တောလိုက်သွား ထမင်းထုပ်ရာမှာ ကန့်သတ်ထားတဲ့ အစားအစာတွေ မထုပ်ရကြောင်းနဲ့ ထုပ်ပိုးတဲ့အခါမှာလည်း အင်ဖက်ကိုသာ အသုံးပြုကြရတယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်လို့ရလာတဲ့ တောကောင်ကိုလည်း ရိုးရာနဲ့ ထမ်းပိုးသယ်ယူလာရပြီး ညနေမှပဲ ရွာထိပ်ကနတ်စင်မှာ ထားထားရပါတယ်။ အဲဒီနောက် နတ်ဆရာက ဦးခေါင်းကိုကိုင်ပြီး သားကောင်ရဲ့ဦးခေါင်းကို ပူဇော်ရတယ်လို့လည်း ဆိုပါတယ်။

“တောကောင်ရပြီဆိုရင် ထမ်းပြန်ရတာပေါ့။ ထမ်းပြန်တဲ့အချိန်မှာ ရိုးရာဝါးနဲ့ မှုတ်ပြီးမှ နတ်စင်အကြီးမှာ ထားပြီးမှ သူ့ခေါင်းတွေကို နတ်ဆရာကပဲ ကိုင်ခွင့်ရှိတယ်။ ပြီးရင် တောစောင့်နတ်၊ တောင်စောင့်နတ်၊ သစ်ပင်စောင့်နတ် နတ်တွေကို အကုန်လုံးကျွေးတယ်။ အဲဒါ သူ့ခေါင်းပဲနော်။”

အဲဒီနောက် ကျန်ရှိနေတဲ့ အသားတွေကို ရွာမှာရှိတဲ့ အိမ်တိုင်းကို ခွဲပြီး ပို့ဆောင်ပေးရတယ်လို့လည်း ဆိုပါတယ်။

လွိုင်ကော်မြို့နယ် ဒေါကလိုခူးကျေးရွာမှာ အခုလို ကယားတို့ရဲ့ ရိုးရာ တောကောင်လိုက်ပွဲတွေကို နှစ်စဉ် ကျင်းပလာပေမယ့် နေရာဒေသတချို့မှာ တောကောင်တွေ ရှားပါးလာခြင်းကြောင့် အခုလိုပွဲမျိုး မကျင်းပနိုင်သလို လူငယ်တွေကြားမှာလည်း ရိုးရာထုံးစံတွေကို မသိရှိတော့တာတွေလည်း ရှိနေပါတယ်။

ကယားလူမျိုးတို့ဟာ ရိုးရာပွဲတွေ ရိုးရာပွဲတော်တွေမှာ ကေ့ထိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲ၊ အဲဒူ (ခေါ်) ကောက်ညှင်းထုပ်ပွဲ၊ ကေး (ခေါ်) တောလိုက်ပွဲ၊ အိမ်သစ်တက်ပွဲ၊ ဆွမ်းရင်းပွဲ (အသုဘပွဲ) စတဲ့ပွဲတွေ ရာသီအလိုက် ကျင်းပကြပါတယ်။

ကယားပြည်နယ်ရဲ့ ထူးခြားတဲ့ ရိုးရာအစားအစာတွေကတော့ သက်သတ်လွတ်၊ ကြက်၊ ဝက်တို့နဲ့ ပြုလုပ်ထားတဲ့ ကယားဟင်းထုပ်၊ ကယားဝက်အူချောင်း၊ ခရုပြုတ်၊ အမဲခေါက်သုပ်၊ အမဲအူသုပ်၊ ခေါင်ရည် စတဲ့ ရိုးရာအစားအစာတွေလည်း ထင်ရှားပါတယ်။

ရိုးရာပွဲတော်တွေ ကျင်းပတဲ့အခါမှာလည်း ဧည့်သည်တွေကို ထမင်း၊ ဟင်းနဲ့ ခေါင်ရည်တို့နဲ့ အဓိကထား ဧည့်ခံကျွေးမွေးလေ့ ရှိကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013