DVB Logo
Home
မြန်မာသတင်း
အရပ်သားများကို မပစ်ခတ်ရန် တပ်မတော်ကို အေအေတပ်ဖွဲ့က တင်ပြတောင်းဆို
DVB
·
March 22, 2019
အရပ်သားများကို မပစ်ခတ်ရန် တပ်မတော်ကို အေအေတပ်ဖွဲ့က တင်ပြတောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသမှာ တိုက်ပွဲဖော်ဆောင်ခြင်းမရှိတဲ့အကြောင်းနဲ့ အရပ်သားတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်နေတာကို တားဆီးပေးဖို့ တပ်မတော်ကို တောင်းဆိုခဲ့တယ်လို့ အေအေတပ်ဖွဲ့က ပြောပါတယ်။

မနေ့က နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ တွေ့ဆုံမှုအပြီးမှာ အေအေတပ်ဖွဲ့ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က မီဒီယာတွေရဲ့ မေးမြန်းချက်ကို  အခုလို ပြန်လည်ဖြေဆိုတာပါ။

ရခိုင်အမျိုးသားအဖွဲ့ချုပ်က အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဟန်က“ဒီနေ့ဆွေးနွေးပွဲမှာ တပ်ဖက်က ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ကျနော်တို့ဟာ မြောက်ဦးမြို့ထဲမှာ တိုက်ပွဲ ဖော်တာ မရှိဘူးဆိုတာ အတိအလင်းပြောခဲ့တယ်။ ဒါ ကျနော်တို့ တိုက်ပွဲဖော်ခြင်း မဟုတ်ဘဲနဲ့ အရပ် သားပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တာတော့ တားပေးပါ။ နောက်နောင် ဒီလိုမဖြစ်ပါစေနဲ့ လို့တော့ ကျနော်တို့က တင်ပြခဲ့ပါတယ်" လို့ ပြောပါတယ်။

အဆိုပါတွေ့ဆုံပွဲကနေ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျှော့ချနိုင်ရေး ဆက်လက် ညှိနှိုင်းဖို့၊ တနိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရေး ဆက်လက်ညှိနှိုင်းဖို့၊ ဒေသ ဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေအရေးအတွက် နှစ်ဖက်လုံး အလေးထားဆောင်ရွက်ဖို့ အပါအ၀င် အချက် ငါးချက် သဘောတူညီခဲ့ကြပြီး ဒီအချက်တွေကို အကောင်အထည် မဖော်ရင်တော့ အရင်အတိုင်းပဲ ဖြစ်နေမှာလို့ ဆိုပါတယ်။

ဒီအချက်တွေကို နှစ်ဦးနှစ်ဖက်က မှန်မှန်ကန်ကန်အကောင်အထည်ဖော်ကြမယ်ဆိုရင်၊ စေတနာမှန်မှန်နဲ့ အကောင်အထည်ဖော်ကြမယ်ဆိုရင်တော့ တိုက်ပွဲတွေက လျော့ကျဖို့ အလားအလာရှိတယ်။ ဒါပေမယ့် ဒီနေ့ဆွေးနွေးပွဲ ရလဒ်အရ အကောင်အထည်မဖော်ဘူး ဆိုရင်တော့ အရင်အတိုင်းပဲ ရှိမှာပဲဖြစ်တယ်”လို့ ဗိုလ်မှူးကြီး ကျော်ဟန်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ရှေးဟောင်းအမွေအနှစ် စေတီပုထိုးတွေ  မထိခိုက်အောင် ကာကွယ်ထိမ်းသိမ်းဖို့လည်း ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013