ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ စျေးပိုင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၃ ယောက် ဒဏ်ရာရပြီး နေအိမ် ဆိုင်ခန်း ၅ ခန်းထက်မနည်း မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်မှာ စစ်ကောင်စီ သစ်ပုတ်တောင်ရေတပ်ဌာနချုပ် လက်အောက်ခံ တောင်မော်ဦးရေတပ်က ဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ စနဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“၁၂ နာရီကျော်မှာ ဒရုန်းနဲ့လာပြီး ဗုံး ၄ လုံးချတယ်။ နေအိမ်၊ ဆိုင်ခန်း မီးလောင်သွားတယ်၊ လူလည်း ဒဏ်ရာရတယ်။ ဒဏ်ရာရသွားတဲ့လူတွေကို အချိန်မီ ဆေးကုဖို့ အရေးပေါ်ဆေးခန်းကို ယူသွားတယ်။ လောလောဆယ် မီးကို ငြိမ်းပေးနေရတယ်။”
မတ် ၂၀ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်ကလည်း ကျောက်ဖြူမြိူ့နယ်၊ ကျောက်ပြောက်ရွာ၊ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက အသေခံဒရုန်း ၂ စီးနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချတဲ့အတွက် ကျောင်းဆောင်ပြိုပျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံခဲ့ရသည့် စနဲမြို့စျေးပိုင်းရပ်ကွက် (Photo : CJ)










