DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ရှမ်းလက်နက်ကိုင် ၂ဖွဲ့တိုက်ပွဲဖြစ်၊ ရွာထဲလက်နက်ကြီးကျ၍ နေအိမ်မီးလောင်
DVB
·
March 20, 2019
သီပေါတွင် ရှမ်းလက်နက်ကိုင် ၂ဖွဲ့တိုက်ပွဲဖြစ်၊ ရွာထဲလက်နက်ကြီးကျ၍ နေအိမ်မီးလောင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု တွန်ကြိုင်းကျေးရွာအနီးမှာ မနေ့က ရှမ်းပြည်တပ်မတော် RCSS နဲ့ ရှမ်းပြည်တပ်မတော် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျည်သင့်တဲ့အတွက် နေအိမ်အချို့ မီးလောင်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် ရွာသားတချို့ နားမခေါ်ကျေးရွာ ဘုန်းကြီးကျောင်းကို တိမ်းရှောင်လာပြီး မနေ့မွန်းလွဲ ၁ နာရီခွဲလောက်မှာတော့ သူတို့ရွာမှာတော့ နေအိမ်မီးလောင်နေတယ်လို့ နားမခေါ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

“RCSS နဲ့ SSPP တို့တိုက်ပွဲဖြစ်ပြီး လက်နက်ကျလို့ အိမ်သုံးလုံးလောက်မီးလောင်တယ် လို့ အဲဒီရွာက လူငယ်တွေပြောတယ်ခင်ဗျ၊ အနီးကပ်သွားမကြည့်ရဲတော့ ဘယ်သူ့အိမ်လဲ ဆိုတာ မသိသေးဘူး။”

တိုက်ပွဲဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် RCSS ပြောခွင့်ရ ဗိုလ်မှူး စိုင်းဦးက တွန်ကျိုင်းရွာမှာ မနေ့က ပစ်ခတ်မှုဖြစ်ကြောင်း အတည်ပြုပြောကြားပြီး အသေးစိပ်ကို မသိရသေးဘူးလို့  ပြောပါတယ်။

“အဲဒီဘက်မှာ ထိတွေ့မှုရှိတာကတော့ ခနခနပါဘဲ၊ မနေ့ကလည်း ပစ်ကြတယ်။ ကျနော်တို့ ကတော့ ပြည်သူတွေထိခိုက်မယ့်ကိစ္စ မလုပ်ဘူး။ ဘယ်ဘက်ကပစ်ထည့်သလဲဆိုတာ မပြော လိုပါဘူး၊ ရွာသားတွေမေးကြည့်ပါ၊ ရွာသားတွေအသိဆုံးပါ။  တိုက်ပွဲမဖြစ်ရအောင် တွေ့ဆုံညှိနှိုင်း ဖို့ ကျနော်တို့အမြဲအသင့်ရှိတယ်။ ၂ ဘက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ ရှမ်းသံဃာတော်တွေကြားဝင်စေ့ စပ်ပေးဖို့ ဆောင်ရွက်နေတဲ့ကြားက ပစ်ခတ်မှုဖြစ်နေရတယ်။”

ဒါနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် SSPP ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

လက်ရှိ နားမခေါ်ဘုန်းကြီးကျောင်းမှာ တွန်ကြိုင်း၊ တာ့လုံ၊ ဟိုနား၊ နိုင်းလုံ စတဲ့ကျေးရွာက တိုက်ပွဲရှောင်ပြည်သူ ၁၃၅ ဦးရောက်ရှိနေပြီး စားနပ်ရိက္ခာလှူဒါန်းလိုသူတွေအနေနဲ့ နားမခေါ်ေ ကျာင်း တိုက်စစ်ဘေးရှောင်ပြည်သူကူညီရေးကော်မတီ ဖုန်းနံပတ် ၀၉ ၉၇၁၁ ၆၁၆၀၆ ကို ဆက်သွယ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်ကလည်း အသက် ၃၀ကျော်အရွယ် စိုင်းအိုက်ပီးလို့ ခေါ်တဲ့ ရွာသားတယောက် လက်နက်ကျည်ထိမှန်ကာ သီပေါဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

နမ္မတူမြို့နယ် နားခိုလျန်ရွာမှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်က တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့တွေ ရွာထဲဝင်ရောက်လာပြီး ကျေးရွာဥက္ကဋ္ဌ ဦးရွှေကျောင်း၊ ကျေးရွာစာရေး စိုင်းလူး နဲ့ ရပ်မိရပ်ဖ လုံးခမ်းတို့ကို  RCSS လက်ခံကူညီမှု သံသယနဲ့ ဖမ်းဆီးသွားတယ်လို့ တိုက်ပွဲရှောင်ကူညီသူကပြောပါတယ်။

သီပေါမြို့နယ်ထဲမှာ ဒီနှစ်ဆန်းပိုင်းကစ မတ်လ ၁၉ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် သီပေါမြို့ပေါ် ဘိုးတော်ကျောင်းတိုက်၊ မန်လည်၊ နားမခေါ်၊ ကျင်သီ၊ မိုးတေ-ပန်နေ၊ နမ့်ဟူးနွဲ့စတဲ့ ကျေး၇ွာကျောင်းတိုက်နဲ့ စံဖိတ်အုပ်စု ဦးလာဖွန်းရဲ့ ဂိုဒေါင်မှာ လာရောက်ခိုလှုံနေရတဲ့ ရွာသားပေါင်း ၁၉၅၄ ဦးရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013