DVB Logo
Home
မြန်မာသတင်း
မြောက်ဦးဒေသတွင် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ဦးနှင့် အမျိုးသမီး ၁ဦး ဒဏ်ရာရ
DVB
·
March 20, 2019
မြောက်ဦးဒေသတွင် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ဦးနှင့် အမျိုးသမီး ၁ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ထဲမှာ မတ်လ ၁၉ရက်က   တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦးဒဏ်ရာရ သွားတယ်လို့  မြောက်ဦးလွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေကပြောပါတယ်။

မြောက်ဦးမြို့နယ်နဲ့မနီးမဝေး မင်းပြားမြို့နယ်ထဲက  မြောင်းဘွေရွာမှာ အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“နေ့လည်မှာတော့ သန်းသန်းဝင်းဆိုတဲ့ မြောင်းဘွေက အမျိုးသမီးပေါင်ကိုထိတယ်။ တိုက်ပွဲဖြစ်တာလို့တော့ ဒေသခံတွေက မပြောဘူး။ နယ်မြေရှင်းလင်းရေး လုပ်တာတဲ့။ တပ်မတော်စစ်ကြောင်းက”လို့ပြောပါတယ်။

မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာမှာလည်း ပစ်ခတ်မှုတွေကြောင့် အသက် (၆) နှစ်အရွယ် မောင်ကျော်ဆန်းဝင်းမှာ ယာဘက် လက်ဖျံမှာ ဒဏ်ရာရသွားပါတယ်။

အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက “မြိုချောင်းရွာမှာတော့ ကလေး ၆  နှစ်သားတယောက် ယာလက်ဖျံမှာ ဒဏ်ရာရသွားတယ်။ စိုးရိမ်စရာတော့ သိပ်မရှိဘူး။”လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စုအနီးတဝိုက်မှာလည်း တပ်မတော်က မနေ့မနက်က လေကြောင်းကနေ ပစ်ခတ်သွားတယ်လို့ မျက်မြင်ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။

“မနက် ၆ နာရီ လောက်ကနေ ဂျက်လေယာဉ်တစီး ရွာအရှေ့ဘက်စူးစူးကိုသွားပြီး ပစ်တာကို မြင်ရတယ်။ တောတွေမှာ အခုတောင်မှ မီးခိုးတွေထွက်နေတယ်။ မီးလောင်နေတယ်။ ရွာနဲ့တော့ဝေးတယ်။ ပြီးတော့ အဲဒီဂျက်လေယာဉ်ပြန်လာတယ်။ နောက်ထပ်သွားပစ်တယ်။ အဲဒီလို ၄၊ ၅၊ ၆ ကြိမ်လောက်ရှိတယ်”လို့ ပြောပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေကြောင့် တောင်တန်းတွေမှာ မီးလောင်တာကလွဲပြီး ထိခိုက်ပျက်စီးတာတွေမရှိခဲ့ပေမယ့် ရွာမှာရှိတဲ့  ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီး ရွယ်အိုတွေကို လုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ထားတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

မနေ့က ဒဏ်ရာရခဲ့သူ  ၂ ဦးအပါအ၀င် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေအတွင်း ဒဏ်ရာရတဲ့ အရပ်သား ၁၀ ဦးလောက်ရှိပြီလို့ မြောက်ဦးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီမနက်ဆက်သွယ်ဖုန်းခေါ်ခဲ့ပေမယ့် အစည်းအဝေးလုပ်နေလို့ ဖြေကြားနိုင်ခြင်း မရှိသေးကြောင်းနဲ့  အစည်းအဝေးကဘယ်အချိန်ပြီးမယ်ဆိုတာ မသိဘူးလို့ဆိုပါတယ်။

ဒါ့အပြင်တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပါဘူး။

မြောက်ဦးမြို့နယ်မှာ မတ်လ ၁၈ ရက် ညပိုင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၇ ဦးဒဏ်ရာရရှိသွားပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013