DVB Logo
Home
ဆောင်းပါး
မြန်မာ့စီးပွားရေး စဉ်းစားဆင်ခြင်စရာများ (၂)
DVB
·
October 12, 2012
Donate to DVB

မြန်မာပြည် ပြဿနာက အရင်းနှီးမရှိတဲ့ ပြဿနာလား။

ဟုတ်သယောင်ယောင်နဲ့ မဟုတ်ပါဘူး။ တကယ်တမ်း မြန်မာ့စီးပွားရေးရဲ့ အခြေခံကျတဲ့ ပြဿနာက အရင်းနှီးတွေကို သူ့နေရာနဲ့သူ အဆင်ပြေပြေ၊ အကျိုးရှိရှိ အသုံးမချနိုင်တဲ့ ပြဿနာ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရန်ကုန်နဲ့ မန္တလေးမှာ အိမ်ခြံမြေဈေးတွေ အဆမတန် ထိုးတက်သွားတာကို ကြည့်လိုက်ရင် မြန်မာပြည်က အထက်တန်းလွှာတွေရဲ့ လက်ထဲမှာ ငွေပင်ငွေရင်း တော်တော်များများ ရှိနေတယ်ဆိုတာရဲ့ သက်သေပါပဲ။ မြို့လယ်မှာ တဧကလောက် ကျယ်တဲ့ မြေတကွက်ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ သန်းလောက်တော့ အောက်ထစ်ဈေး ပေါက်ပါတယ်။ ပြောရရင် ဘန်ကောက်က မြေဈေးထက်တောင် ပိုမြင့်နေပါတယ်။

ဒီလို ဈေးမြင့်ရတဲ့ တခြားအကြောင်းတွေ ရှိနိုင်ပေမယ့် အဓိက အရင်းခံ ဇစ်မြစ်ကတော့ ငွေလုံး ငွေရင်းတွေကို ရင်းနှီးမြှုပ်နှံစရာ တခြားနေရာမရှိတဲ့ ပြဿနာပါပဲ။ ဘဏ်တွေက စိတ်မချရသလို ငွေကြေးတွေကို နိုင်ငံခြားကို လွှဲပြောင်းဖို့ကလည်း မလွယ်ပါဘူး။ ဒါကြောင့် လူတွေက ငွေရလာရင် အိမ်ခြံမြေ၊ ရွှေ၊ ကျောက်မျက်တွေကိုပဲ ၀ယ်စုထားလိုက်ကြပါတယ်။

တချိန်တည်းမှာ မြန်မာပြည်ရဲ့ ကျေးလက်ဒေသတွေမှာ ချေးငွေတွေကိုလည်း သေရေးရှင်ရေး တမျှ လိုအပ်နေပါတယ်။ ချေးငွေအတွက် အပေါင်ထားစရာ ပစ္စည်းမရှိတဲ့ ဆင်းရဲသားတွေအတွက် တလကို ၁၀ ရာခိုင်နှုန်းတိုးနဲ့ နားလည်မှုနဲ့ ချေးတွေတွေကိုပဲ မှီခိုနေရပါတယ်။ အစိုးရ စိုက်ပျိုးရေးဘဏ်ကတဆင့် လယ်သမားတွေအတွက် ထုတ်ပေးတဲ့ စိုက်ပျိုးစရိတ် ချေးငွေဆိုတာကလည်း အမှန်တကယ် လိုအပ်ချက်ရဲ့ သုံးပုံတပုံပဲရှိပါတယ်။ ပုဂ္ဂလိက ဘဏ်တွေကနေ လယ်သမားတွေ ငွေချေးပေးလို့လည်း မရပါဘူး။ ဒီစနစ်က ဆိုရှစ်လစ်ခေတ်က ရှိခဲ့တဲ့ မလိုလားအပ်တဲ့ အတားအဆီးတွေပါပဲ။ အကျိုးဆက်ကတော့ အရင်းနှီးတွေ ကျေးလက်စီးပွားရေးကဏ္ဍကို ခရီးမပေါက်နိုင်တော့ဘဲ၊ အဓိကကျတဲ့ ပြဿနာကို  ဖြေရှင်းတဲ့နေရာမှာ သုံးတဲ့ ငွေကြေးပမာဏက ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေပါတယ်။

မြန်မာ့စီးပွားရေးပြဿနာရဲ့ အဓိကဇာစ်မြစ်က နိုင်ငံရပ်ခြားက ဒဏ်ခတ်ပိတ်ဆို့မှုတွေလား။

အနီးကပ်လေ့လာကြည့်လိုက်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးမှာ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာက ဒဏ်ခတ်ပိတ်ဆို့မှု မဟုတ်ပါဘူး။ ရန်ကုန်နဲ့ မန္တလေးက စီးပွားရေးသမားတွေကို မေးကြည့်လိုက်ပါ။ လျှပ်စစ်မီးတွေ မမှန်တဲ့အကြောင်း၊ နိုင်ငံရေးမတည်ငြိမ်တဲ့အကြောင်း၊ အဂတိလိုက်စားမှုတွေအကြောင်းကိုပဲ သူတို့တွေ အရင် ပြောကြပါလိမ့်မယ်။ ဒီအချက်တွေ အားလုံးက အစိုးရအပေါ်မှာ မူတည်တဲ့ကိစ္စတွေပါပဲ။ ဒဏ်ခတ်ပိတ်ဆို့မှုက နောက်အကြောင်းတရပ်ပါ။ အမေရိကန် ဘဏ္ဍာရေး ၀န်ဆောင်မှု အကန့်အသတ်တွေအတွက် ပုံမှန်ကုန်သင့်တာထက် ပိုကုန်ကျတာမျိုးရှိသလို၊ ကြီးမားတဲ့အမေရိကန် ပို့ကုန်ဈေးကွက်ကိုလည်း လက်လွှတ်ထားရပါတယ်။ နောက်ထပ် ပြဿနာရဲ့ အကြောင်းပေါင်းစုံတွေထဲမှာ အခြေခံအဆောက်အအုံပိုင်း ညံ့ဖျင်းတာ၊ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အစိုးမရတာ၊ သမာသမတ်ကျတဲ့ တရားစီရင်ရေး စနစ် ကင်းမဲ့တာတွေကြောင့် စီးပွားရေး သမားတွေအတွက် အကုန်အကျများစေပါတယ်။ ကုမ္ပဏီတော်တော်များများကို မေးကြည့်လိုက်ရင် ဒဏ်ခတ်ပိတ်ဆို့မှုက ပေးတဲ့ အခက်အခဲဆိုတာက ဒီလောက်မဟုတ်ဘူးလို့ ဖြေကြပါလိမ့်မယ်။

နောက်တချက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ထားတဲ့ အဓိက အကြောင်းရင်းက မြန်မာပြည်က လူ့အခွင့်အရေး ပြဿနာတွေကြောင့်လို့ ယူဆကြပါတယ်။ အခုဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေက အသုံးမ၀င်လှတော့ပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ အဓိက ပစ်မှတ်လို့ဆိုတဲ့  မြန်မာပြည်က အကြီးဆုံးနဲ့ အဆက်အသွယ်ကောင်းတဲ့ ကုမ္ပဏီတွေအတွက်ကတော့ ပစ်လိုက်သမျှ ပစ်ချက်တွေကို ရှောင်ကွင်းနိုင်တဲ့ ငွေကြေးအရင်းမြစ်နဲ့ နိုင်ငံတကာ အဆက်အသွယ်တွေ အသီးသီးရှိကြပါတယ်။ ဒါပေမယ့် သူတို့လို အဆက်အသွယ် ကောင်းကောင်းမရှိတဲ့ အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေ (SMEs) က စောစောက  ဒဏ်တွေကို ခါးစည်းခံကြရပါတယ်။ တကယ်တမ်း အလတ်စားနဲ့ အသေးစားလုပ်ငန်းတွေဟာ မြန်မာ့ပြည်ဖွံ့ဖြိုးရေးမှာ အသက်တမျှ အရေးကြီးလှပါတယ်။

ပြန်ချုပ်လိုက်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာ့စီးပွားရေးပြဿနာရဲ့ အဓိက ဇာစ်မြစ် မဟုတ်ပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ထားရင်လည်း လူ့အခွင့်အရေးစိုးရိမ်မှုတွေအတွက်လည်း အထောက်အပံ့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

စီးပွားရေးလောကမှာ အကျင့်ဟောင်းတွေကို ပြင်လိုက်ကြပြီလား။

အားနာပါနားနဲ့ "နိုး" လို့ပဲ ဖြေရပါလိမ့်မယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးယန္တရားမှာ ပြောင်းလဲနေပေမယ့် စီးပွားရေးလောကရဲ့ လုပ်ပုံကိုင်ပုံတွေကတော့ အရင်နဲ့ မတိမ်းမယိမ်း ရှိနေတုန်းပါပဲ။ နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ International Crisis Group (ICG) အဖွဲ့က ဇူလိုင်လတုန်းက အစီရင်ခံစာထုတ်တဲ့အခါမှာ ဒီလို ရေးထားပါတယ်။

"လက်ဝါးကြီးအုပ်စနစ်နှင့် လိုင်စင်၊ ပါမစ်၊ လုပ်ကိုင်ခွင့် ချပေးသည့်စနစ်တို့ကို တဖြည်းဖြည်းချင်း ဖျက်သိမ်းနေလေသည်" စသဖြင့်။  သိမ်မွေ့တဲ့ နောက်ထပ် အပြောင်းအလဲတချို့လည်း ရှိပုံရပါတယ်။

ဒါပေမယ့်  ၀န်ကြီးဌာနတွေကို အရင်ထက် ပိုပြီးတော့ စနစ်ကျလာပြီး စီးပွားရေး လုပ်ပိုင်ခွင့်တွေ ချပေးတဲ့နေရာမှာ အရင်ထက်စာရင် အပြင်လူတွေအတွက် လမ်းဖွင့်ပေးလာတယ် ဆိုပေမယ့် ဗျူရိုကရေစီနစ်နဲ့ ဆုံးဖြတ်ချသူတွေဟာ အရင်လိုပဲ ပုဂ္ဂိုလ်ရေးခင်မင်မှုအပေါ်မှာပဲ အလွန်အကျွံမှီခိုနေတုန်းပါပဲ။ ဥပမာအနေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုပါစို့။ အစိုးရက လုပ်ပိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီ ၃၈ ခုထဲက တခုခုနဲ့ တွဲလုပ်ရုံကလွဲလို့ တခြားရွေးစရာမရှိပါဘူး။ ရေနံနဲ့ ဓာတ်ငွေ့ကဏ္ဍတွေမှာလည်း ဒီသဘောအတိုင်းပဲ၊ ကုမ္ပဏီပေါင်း ၆၀ လောက်ရှိပါတယ်။ ဒီထဲမှာ တချို့ကုမ္ပဏီတွေက ကျွမ်းကျင်းမှုတစုံတရာရှိပေမယ့် တချို့ကျတော့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ မလိုအပ်ဘဲနဲ့ ကဖျက်ယဖျက် လုပ်ဖို့ သက်သက်လို ဖြစ်နေတာပါ။ ဒါပေမယ့် စောစောက ကုမ္ပဏီတွေနဲ့ တွဲလုပ်နိုင်ဖို့၊ လုပ်ငန်း အောင်မြင်ဖို့တောင်မှပဲ ဘယ်လောက်အကပ်ကောင်းလဲ၊ ဘယ်သူနဲ့ ရင်းနှီးသလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါသေးတယ်။

မကြာခင်ကတုန်းက အစိုးရလုပ်ငန်းတွေကို၊ ပုဂ္ဂလိက လုပ်ငန်းတွေကို လွှဲပေးလိုက်တဲ့အခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တကျောက အကပ်ကောင်းတဲ့ သူဌေးတွေ လက်ထဲကို အကုန်လုံးနီးနီး ရောက်ကုန်ပါတယ်။ မြန်မာပြည်မှာ အခွန်စနစ်ကလည်း ကြပ်ကြပ်မတ်မတ် မရှိတဲ့အတွက် သာမန်ပြည်သူတွေ အတွက်ကတော့ လုပ်ပိုင်ခွင့် ရသွားတဲ့ ပုဂ္ဂလိကတွေဆီကနေ အခွန်တွေ တိုးရလို့ အကျိုးကျေးဇူးတွေ ခံစားရဖို့ မမျှော်လင့်နိုင်ပါဘူး။

တကယ်တမ်းကျတော့ မြန်မာပြည်မှာ တိုင်းပြည်ဖွံ့ဖြိုးရေးလို့ ဘယ်လောက်ပဲ ပြောနေပေမယ့် လုပ်သမျှ အပြောင်းအလဲတွေကို ကြည့်လိုက်ရင် လက်တဆုပ်စာ လူတစုကို အားသစ်လောင်းပေးတဲ့၊ တနည်းအားဖြင့် အဆိပ်ပင်ရေလောင်းလုပ်ငန်းစဉ် (oligarch-ization) တွေချည်း ဖြစ်နေပါတယ်။

ဒါကြောင့် မြန်မာ့စီးပွားရေးလောကမှာ အရင်အတိုင်း မပြောင်းတဲ့ အကျင့်ဟောင်းတွေက တိုင်းပြည် စီးပွားရေးရှေ့ခရီးမှာ ဆယ်စုနှစ်တွေချီပြီး လွှမ်းမိုးထားပါဦးမယ်။ အာရှတကျောက နိုင်ငံတွေရဲ့ လမ်းကြောင်းအတိုင်းပါပဲ။

(ဆက်ပါမည်)

မူရင်း ၊ ၊ Think Again: Burma’s Economy by BY JARED BISSINGER (FP)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013