DVB Logo
Home
Lead Story
ကန္တာဟေဝန်က ဗိုလ်ချုပ်ရုပ်တုပြဿနာ ညှိနှိုင်းအဖြေရှာ (အယ်ဒီတာအာဘော်)
DVB
·
March 20, 2019
ကန္တာဟေဝန်က ဗိုလ်ချုပ်ရုပ်တုပြဿနာ ညှိနှိုင်းအဖြေရှာ (အယ်ဒီတာအာဘော်)
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းက “နိုင်ငံရေးဆိုတာ လောကကောင်းကျိုး ဆောင်ခြင်းမို့လို့ လောကတ္ထစရိယာ” ဟု ဖွင့်ဆိုခဲ့သည်။ ဤကဲ့သို့ ဖွင့်ဆိုခဲ့သော လောကကောင်းကျိုး မြန်မာတပြည်လုံး လွတ်လပ်ရေးအကျိုး ဆောင်ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရှိအခြေအနေမှာ “ကန္တာဟေဝန်ပန်းခြံ” ထဲက ထွက်ခွာသွားရလေမလား၊ နိုင်ငံရေးသဘောထား ကြီးမြတ်သူတို့၏ စာနာမှုဖြင့် ငြိမ်းချမ်းစွာ ဆက်လက်နေခွင့်ရမလား ဆိုသည့် အဖြေသို့ ရောက်ရှိရန်အချိန်ကား မဝေးတော့ပြီ။

မြန်မာပြည်သူတရပ်လုံး၊ ရင်မောပန်းလျစွာ စောင့်မျှော်နေသည်မှာလည်း အမှန်ပင်။

ကယားပြည်နယ် လွိုင်ကော်ရှိ ကန္တာဟေဝန်ပန်းခြံတွင်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် ထားရှိခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှု အခြေအနေသည် အပျက်အပျက်နှင့် နှာခေါင်းကျည်ပွေ့တွေ့သည့် အခြေအနေသို့ပင် ရောက်လာခဲ့သည်။

မြန်မာစကားပုံအရ အစမကောင်းခဲ့ခြင်းဟုပင် ကောက်ချက်ချရပေတော့မည်။ ကမ္ဘာ့နိုင်ငံ အများစုတွင်လည်း နိုင်ငံအကျိုး၊ လူသားကောင်းကျိုး၊ လောကအကျိုး သယ်ပိုးခဲ့သူတို့၏ ရုပ်တုများကား ရှိစမြဲပင်။ ရုပ်တုနိုင်ငံရေးဟုပင် ခေါ်ခဲ့ကြသည်။ ထို့အပြင် ဒီဇိုင်းနိုင်ငံရေး ဆိုသည်လည်း ရှိပေသေး၏။ ဤသည်ကား အဆန်းမဟုတ်။ သို့သော် မြန်မာ့နိုင်ငံရေးတွင် ဆန်းနေသေးဟန် ရှိပါသည်။

ဤသို့ဆန်းနေခြင်းမှာ တဖက်နှင့်တဖက် မတူညီသော အမြင်များအပေါ်တွင် ညှိယူမှု အားနည်းချက်ကိုသာ အဓိကထား ထောက်ပြရမည် ထင်ပါသည်။ အစကတည်းက ပြဿနာအရိပ်အငွေ့တို့ ရှိစဉ်ကပင် အကျေအလည် ညှိနှိုင်းသင့်ခဲ့ပါသည်။

အခြေအနေစုံကို သုံးသပ်ကြည့်လျှင် ရုပ်တုထားရှိလိုသူတို့ အမြင်မှာ ဗိုလ်ချုပ်အောင်ဆန်းကို စံပြပုဂ္ဂိုလ်အဖြစ် နောင်လာနောက်သားများ အတုယူစေလိုသော စေတနာ ထားရှိလိုဟန် တူပါသည်။ သို့သော် အခြားတဖက်တွင်မူ ဤလုပ်ရပ်သည် မဟာဗမာကြီးစိုးရေးအဖြစ် မြင်ခဲ့ဟန် ရှိပါသည်။

ထိုသို့သောအခြေအနေတွင် ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ရုပ်တုဖြစ်မြောက်ရေး ကော်မတီတို့ အနေဖြင့် ဖြစ်လိုသောဆန္ဒ စောသွားခဲ့ဟန်ရှိသည်ကို တွေ့ရသည်။ စေတနာ မှန်သော်လည်း လုပ်ရပ်မှားခဲ့သည်ဟုပင် သုံးသပ်ရပေလိမ့်မည်။

ဤကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့က သူတို့နှင့်မဆိုင်၊ ရုပ်တုဖြစ်မြောက်ရေးအဖွဲ့နှင့်သာ ဆိုင်သည်ဟု ဆိုသည်။ ရုပ်တုဖြစ်မြောက်ရေး ကော်မတီဘက်မှလည်း ရုပ်တုထားရှိရေးနှင့် ရွှေ့ပြောင်းရေးကိစ္စမှာ သူတို့နှင့်မသက်ဆိုင်၊ အစိုးရနှင့်သာ ဆိုင်သည်ဟု ဆိုပြန်ပါသည်။

တဖန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောဆိုခွင့်ရ ဦးမျိုးညွန့်ကလည်း “မြန်မာနိုင်ငံတဝန်းတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူနေခြင်းမှာ ပါတီ၏ညွှန်ကြားချက် မဟုတ်ပါကြောင်း” ထုတ်ဖော် ဖွင့်ဟခဲ့ပြန်ပါသည်။

ထိုသို့ တယောက်နှင့်တယောက်၊ တဖွဲ့နှင့်တဖွဲ့ ရှောင်လွှဲနေကြခြင်းမှာ ဤကိစ္စရပ်များနှင့် ပတ်သက်သည့် တာဝန်ခံမှု တာဝန်ယူမှု ကင်းမဲ့နေသလိုပင် ဖြစ်နေပါသည်။ ပါတီ၊ အစိုးရအဖွဲ့နှင့် ရုပ်တုဖြစ်မြောက်ရေးအဖွဲ့တို့ သုံးပွင့်ဆိုင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ဦးစွာပထမ ညှိနှိုင်းရန်ပင် လိုအပ်နေပါသည်။

ကန့်ကွက်ဆန္ဒပြသူတို့၏ အစောပိုင်း တောင်းဆိုချက်များကို ကြည့်လျှင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ရုပ်တုအတွက် ကုန်ကျငွေကို ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်း လျာထားငွေထဲမှ အသုံးပြုခြင်း၊ တင်ဒါခေါ် ဆောင်ရွက်မှုမရှိခြင်းတို့ ပါရှိသည်ကို တွေ့ရသည်။

ထို့အပြင် စတင်ကန့်ကွက်စဉ်က ကယားလူထုအသင်းအဖွဲ့ ၇ ဖွဲ့က အများဆိုင်ရာနေရာတွင် ရုပ်တုထားရှိမည်ဆိုလျှင် လူထုသဘောထားတောင်းခံရန် လိုကြောင်း ထုတ်ပြန်ခဲ့ပါသည်။

လက်ရှိအခြေအနေကား ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေသို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဆန့်ကျင်ကန့်ကွက်သူတို့၏ နောက်ဆုံး သတ်မှတ်ထားသော ရာဇသံမှာ မတ်လ ၁၇ နေ့ ဖြစ်သော်လည်း ငါးပွင့်ဆိုင်ဆွေးနွေးပွဲကနေ အဖြေရှာကြမည့် မတ်လ ၂၀ ရက်နေ့အထိ ရွှေ့ဆိုင်းပေးခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အဖြေရှာကြရန် လွိုင်ကော်မြို့ KEINNARA ဟိုတယ်၌ မတ်လ ၂၀ ရက် ယနေ့နံနက်က စတင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊  ကယားပြည်နယ် အစိုးရအဖွဲ့၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မီတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ ငါးပွင့်ဆိုင် စတင်ဆွေးနွေးနေကြပြီ ဖြစ်သည်။

ပြဿနာကို စားပွဲဝိုင်းတွင် ဆွေးနွေးညှိနှိုင်း အဖြေရှာကြခြင်းသည် ကြိုဆိုရမည့်ကိစ္စ ဖြစ်သည်။ သို့သော် ညှိနှိုင်းဆွေးနွေး အဖြေရှာကြရာတွင် သက်ဆိုင်သူအားလုံး အနေဖြင့် ဖော်ပြပါ အကြောင်းအချက်များပေါ် မူတည်ပြီး စဉ်းစားချင့်ချိန်ရန်၊ အပြန်အလှန် လေးစားမှုရှိရန်နှင့်  သဘောထားကြီးစွာ စဉ်းစားရန် လိုမည်ဟု ယူဆမိသည်။

ပြဿနာ ပိုမိုကြီးထွားမလာစေဘဲ ပြေလည်မှုရရှိစေရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ် ညီညွတ်ရေးကို အခြေခံပြီး အခြေအနေမှန်ကို ရဲရဲရှုမြင်ကာ တာဝန်ယူ တာဝန်ခံလိုမှုဖြင့် ညှိနှိုင်းအဖြေရှာရန် တိုက်တွန်းလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013