DVB Logo
Home
မြန်မာသတင်း
မြ၀တီတွင်လုပ်မည့် ကေအန်ယူ သတင်းစာရှင်းလင်းပွဲ ရပ်ဆိုင်း
DVB
·
October 12, 2012
မြ၀တီတွင်လုပ်မည့် ကေအန်ယူ သတင်းစာရှင်းလင်းပွဲ ရပ်ဆိုင်း
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့တွင်း ခေါင်းဆောင်ပိုင်းမှာ  ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းသမားတွေနဲ့ ကရင်ပြည်နယ် မြ၀တီမြို့  ဆက်ဆံရေးရုံးမှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို ရပ်ဆိုင်း လိုက်တယ်လို့  သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ကနေ ရပ်စဲခံထားရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့  စီစဉ်ထားပြီးမှ အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲ ရပ်ဆိုင်းလိုက်တာနဲ့ပတ်သက်ပြီး ကေအန်ယူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက အခုလို ရှင်းပြပါတယ်။

“အရင်တုန်းက နော်စီဖိုးရာစိန် ဦးဆောင်တဲ့အဖွဲ့နဲ့ အဆက်သွယ် ကောင်းကောင်းမရသေးဘူး။ စာနဲ့ပေနဲ့ပဲ တယောက်နဲ့တယောက် စွပ်စွဲကြတဲ့အပေါ်မှာ သူက (ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး) ပြန်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ချင်တာပေါ့နော်။ အခုချိန်မှာ ကျနော်တို့ အဆက်သွယ် ပြန်ရလာတယ်၊ ပြန်လည်ညှိနှိုင်းဖြေရှင်းဖို့အတွက် သဘောတူကြတဲ့အပေါ်မှာ သတင်းစာရှင်းလင်းပွဲကို ခဏရပ်ဆိုင်းလိုက်တာ။ ”

ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေအနေနဲ့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ  ရည်မှန်းချက်တူကြပြီး လုပ်ထုံးလုပ်နည်း မတူတဲ့အတွက် အခုလို ပြဿနာတွေ ပေါ်ပေါက်လာတာဖြစ်ပြီး မကြာခင်ကျင်းပမယ့် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးမှာ ဒီကိစ္စ အကျေအလည် ပြန်လည်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး ဘယ်နေ့ကျင်းပမယ်ဆိုတာကိုတော့ ရက်မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ပြဿနာဟာ ခရိုင်နဲ့ တပ်မဟာနဲ့ မသက်ဆိုင်ဘဲ ဗဟိုအလုပ်အမှုဆောင်ကော်မတီအတွင်းမှာသာ ဖြစ်တယ်လို့လည်း ပဒိုစော အောင်မော်အေးက ပြောပါတယ်။

“ဖြစ်ပေါ်နေတဲ့ ပြဿနာကို ကျနော်တို့က မလိုချင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျနော်တို့ ခရိုင်တပ်မဟာရဲ့ ပြဿနာလည်း မဟုတ်ဘူး၊ ဗဟိုကော်မတီရဲ့ ပြဿနာလည်းမဟုတ်ဘူး။ ဗဟိုအလုပ်အမှုဆောင် ကော်မတီအတွင်းမှာ အမြင်မတူကြလို့ ဖြစ်သွားတဲ့ ပြဿနာပဲဖြစ်တယ်။ ကျနော်တို့ အနေနဲ့ အကွဲအပြဲကို မလိုချင်ဘူး။ ညီညွတ်ရေးကိုပဲ လိုချင်တယ်။ ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ လိုရာခရီးကို အတူတကွသွားကြမယ်လို့ပဲ ပြောချင်တယ်။

“ထုတ်လိုက်တဲ့ ခေါင်းဆောင် ၃ ဦးကတော့ ကျနော်တို့အနေနဲ့ တရားနည်းလမ်းမကျဘူး၊ ဘယ်ပုဒ်မနဲ့ငြိစွန်းပြီး ဘယ်လောက်ပြီးသလဲဆိုတာ ကျနော်တို့ ကေအန်ယူမှာလည်း တရားဥပဒေ စိုးမိုးရေး ရှိတယ်။ တရားဥပဒေအတိုင်း သွားသင့်တယ်။ အခုကတော့ တိုင်ချက်တွေလည်း မရှိဘဲနဲ့၊ စစ်ဆေးမေးမြန်းချက်လည်း ဘာမှမရှိဘဲနဲ့၊ ခုံရုံးဖွဲ့တာလည်း ဘာမှမရှိဘဲနဲ့ ထုတ်ပစ်လိုက်တယ်ဆိုတော့ တပ်မဟာအနေနဲ့ရော လက်ခံလို့ မရဘူး။ မဖြစ်သင့်တဲ့အရာတခုဖြစ်တဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူးဆိုပြီး တရားဝင်ကြေးနန်းကို ဗဟိုကို ပို့ပေးတယ်။ ကြေးနန်းတစောင် ပြန်ကျလာတယ်။ ဒီကိစ္စကတော့ ဗဟိုကော်မတီအစည်းအဝေးမှာပဲ အကျေအလည် ဆွေးနွေးကြမယ်ဆိုတဲ့ ညွှန်ကြားချက် လာတယ်။ ”

စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူးရဲ့စာမှာတော့ ဒီပြဿနာဖြေရှင်းဖို့ တိုင်ပင်နေကြပြီး အစိုးရနဲ့ ဆွေးနွေးနေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

ကေအန်ယူ ဗဟိုကော်မတီကနေပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာနတာဝန်ခံ ပညာရေးဌာနမှူး ဗိုလ်မှူး ရောဂျာခင်တို့ကို တာဝန်ကနေ ဖယ်ရှားခဲ့ပါတယ်။
သူတို့ရဲ့နေရာတွေမှာ ကေအန်အယ်လ်အေ တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲ၊ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုစောဒေါ့လေးမူနဲ့ ပဒိုစောအဲ့ကလူရွှေဦးတို့ ယာယီအစားထိုး ခန့်အပ်ထားတယ်လို့ ကြားသိရပေမယ့် တရားဝင် ညွှန်ကြား ချက်စာတော့ မတွေ့ရသေးဘူးလို့ ပဒိုစောအောင်မော်အေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013