
တပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကို နှစ်ဖက်အပြန်အလှန်အသိပေးပြီးမှ လုပ်ဆောင်ဖို့ တပ်မတော်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)တို့အကြား သဘောတူညီမှု ရရှိသွားပါတယ်။
မတ်လ ၁၉ ရက်က နေပြည်တော် တိုင်းစစ်ဌာနချုပ်ရုံးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်ဦးဆောင်တဲ့ ကေအန်ပီပီ အဖွဲ့တို့ သီးသန့်တွေဆုံဆွေးနွေးပြီး သဘောတူညီမှုရခဲ့တာပါ။
ဒီဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ တနိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်မှာပါဝင် နိုင်ရေးအတွက် အဓိကဆွေးနွေးခဲ့ကြတာဖြစ်ဖြစ်ပါတယ်။
ဒါ့အပြင်အောက်ခြေအဆင့်တွေမှာလည်း ထိတွေ့တိုက်ခိုက်မှုတွေ မဖြစ်စေဖို့အတွက် တပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်ဆိုပါက အပြန်အလှန်အသိပေးပြီးမှသာ လုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ KNPP ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်မှု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးက ဒီဗွီဘီကို ပြောပါတယ်။
“တပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတို့ နောက်ပြီးတော့ စခန်းချတဲ့နေရာကိစ္စတို့ပေါ့နော်။ အဲတာတွေ ပြောဖြစ်ခဲ့တယ်။ ပြီးတော့ တပ်သား သုံးယောက်နဲ့ အရပ်သား တယောက် အသတ်ဖြတ်ခံရတဲ့ ကိစ္စတွေကိုလည်း ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာတွေကို ပြောဖြစ်ခဲ့ ကြတာပေါ့။”
ဒါ့အပြင် ကေအန်ပီပီ တပ်ဖွဲ့တွေနဲ့ တပ်တော်အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်အောင် ရှောင်ရှားနိုင်ဖို့လည်း သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
ကေအန်ပီပီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးက “အားလုံးကလည်း ဒေသတည်ငြိမ်ရေး အတွက် ကြိုးပမ်းနေတဲ့အခါမှာလည်းဖြစ်တယ်။ ဒီတဖက်ကလည်း အန်စီအေ လမ်းကြောင်း အတိုင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမယ်ဆိုတဲ့ အခါမျိုးမှာပေါ့နော် နှစ်ဖက်ကြားမှာ ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့အတွက် တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေပေါ့။ နှစ်ဖက်ကြားမှု ရှိပြီးသား သဘောတူညီမှုတွေမှာ ထပ်သဘောတူတာကတော့ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ တခုခုရှိမယ်။ အထူးသဖြင့် တပ်အသွား အလာတို့ပေါ့နော်။ အဲဒါမျိုးတွေရှိမယ်ဆိုရင် နှစ်ဖက်ညှိပြီးတော့ လုပ်သွားဖို့ပေါ့။ အဓိကတော့ မြေပြင်မှာ တင်းမာမှုတွေ ပြန်မဖြစ်လာအောင် တိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေ မဖြစ်အောင်။ ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် ညှိပြီးတော့မှ လုပ်သွားဖို့ သဘောတူခဲ့ကြတယ်”လို့ပြောပါတယ်။
နိုင်ငံတော်အစိုးရကဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်တဲ့ ပုံစံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် တပ်မတော်အနေနဲ့ လုပ်ဆောင်ပေးဖို့အတွက်လည်း ကေအန်ပီပီအနေနဲ့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်
ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အန်စီအေ အပစ်ရပ် လက်မှတ်ထိုးဖို့ ကိစ္စဆွေးနွေးခဲ့ပါတယ်။











