DVB Logo
Home
မြန်မာသတင်း
ချစ်ကြည်ရေးတံတားသစ်ကြောင့် မြန်မာ-ထိုင်း အိမ်နီးချင်းနှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေနိုင်  
DVB
·
March 19, 2019
ချစ်ကြည်ရေးတံတားသစ်ကြောင့် မြန်မာ-ထိုင်း အိမ်နီးချင်းနှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေနိုင်  
Donate to DVB

နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးတံတားသစ်ကြောင့် နှစ်နိုင်ငံပြည်သူတွေအကြား ပေါင်းစည်းဆက်ဆံမှု တိုးမြှင့်နိုင်မှာ ဖြစ်သလို အိမ်နီးချင်းနှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေ လိမ့်မယ်လို့  မြန်မာနဲ့ ထိုင်း နိုင်ငံခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

မြ၀တီနဲ့ မဲဆောက်ကို ဆက်သွယ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသစ် အမှတ် (၂) တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကို ဒီကနေ့ မတ်လ ၁၉ ရက်မနက် ကျင်းပရမှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်းအိုချာတို့ တက်ရောက် မိန့်ခွန်းပြောသွားတာပါ။

တံတားကြီးအောင်မြင်စွာပြီးစီးသွားတာဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ပြယုဂ် တခုဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွါးဖြစ်ထွန်းစေရုံမက  အရှေ့တောင်အာ ရှနိုင်ငံတွေကို ဆက်သွယ်ပေးမယ့် အစိတ်အပိုင်းတခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“ဒီတံတားက နှစ်နိုင်ငံကြားရုပ်ပိုင်းဆိုင်ရာပေါင်းစည်းဆက်နွယ်မှုကို သာမက နှစ်နိုင်ငံ ပြည်သူကြား ထိတွေ့ပေါင်းစည်းဆက်စပ်မှုကို တိုးမြှင့်ပေးနိုင်မှာဖြစ်တယ်၊ ဒီတံတားဟာ မဟာမဲခေါင်ဒေသအတွက် စီးပွားရေးစင်္ကြံကို ဖြတ်ကျော်လျှက် အရှေ့အနောက်စီးပွါးရေးစင်္ကြံ တလျှောက်ရှိ အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေးမယ့် အစိတ်အပိုင်းတခုဖြစ်လာ လိမ့်မယ်လို့ ယုံကြည်တယ် ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ကျန်အိုးချားကလည်း နှစ်နိုင်ငံတာဝန်ရှိသူတွေ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် တံတားအောင်မြင်စွာ ပြီးစီးခဲ့ရကြောင်း၊ ဒါဟာ အိမ်နီးချင်း နှစ်နိုင်င  ပူးပေါင်းဆောင်ရွက်မှုရဲ့ စံပြတခုဖြစ်သလို ဒီတံတားဟာ နှစ်နိုင်ငံအကျိုး တူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း၊ ဧရာဝတီ-ကျောက်ဖယား- မဲခေါင်မြစ်ဝှမ်းဒေသ စီးပွားရေး ဖွံ့ဖြိုးဖို့ အထောက်အကူပြုမယ့် တံတားကြီးဖြစ်တဲ့အပြင် အာဆီယံဒေသရော၊ အရှေ့နဲ့ အနောက်နိုင်ငံတွေ အကြားမှာပါ ကုန်သွယ်ကူးသန်းသွားလာရေး အထောက်အကူပြုမယ့် တံတား တစင်းဖြစ်မယ်လို့မျှော်လင့်တယ်လို့ ပြောသွားပါတယ်။

ဒီကနေ့ တံတားပြီးမြောက်ခြင်း အထိမ်းအမှတ်အခမ်းအနားအပြီးမှာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေဟာ နယ်စပ်ဂိတ်ဖြတ်ကျော်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အတူတကွ ဆွေးနွေးသတ်မှတ်ပြီးရင် မကြာခင်မှာ တံတားကို အများပြည်သူအသုံးပြုဖို့  ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မြန်မာနိုင်ငံ မြ၀တီခရိုင် နှစ်ခုကြားမှာ လွန်ခဲ့သော ၂၂ နှစ်က နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၁ ကို ဖွင့်လှစ်ခဲ့ပြီး ဖွင့်ကာစက နှစ်နိုင်ငံ ကုန်သွယ်မှု ဘတ်သန်းပေါင်း ၂၀ သာရှိခဲ့ပါတယ်။

ဒီကနေ့အချိန်မှာတော့ ချစ်ကြည်ရေးတံတားအမှတ် ၁ ကနေ  နှစ်စဉ် ဘတ်သန်းပေါင်း တသိန်းလောက်ကုန်သွယ်မှုရှိနေပြီး အခု ချစ်ကြည်ရေးတံတား အမှတ် ၂ ကိုထပ်မံဖွင့်လှစ်လိုက်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်ရေး ဒီထက်ပိုမို တိုးတိုးတက်လာ မယ်လို့ အမ်ခွတ်ထိုင်းအစိုးရသတင်းဌာနမှာ ဖော်ပြပါတယ် ။

မြ၀တီနဲ့ မဲဆောက်ကို ဆက်သွယ်ထားတဲ့ ဒီတံတားသစ်ဟာ  လေးလမ်းသွားအဖြစ် ဆောက်လုပ်ထားတာဖြစ်ပြီး တံတားအတွက်ကုန်ကျတဲ့ ထိုင်းဘတ်  ၄၂၈၁ သန်းကျော်ကို ထိုင်းအစိုးရက ကျခံတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013