DVB Logo
Home
မေးမြန်းခန်း
ရန်ကုန်မြို့လယ်ကစပြီး ဆင်ခြေဖုံးအထိ စားသုံးဖို့မသင့်တဲ့ အချဉ်ရေတွေကို သုံးနေကြတာပါ
DVB
·
October 12, 2012
ရန်ကုန်မြို့လယ်ကစပြီး ဆင်ခြေဖုံးအထိ စားသုံးဖို့မသင့်တဲ့ အချဉ်ရေတွေကို သုံးနေကြတာပါ
Donate to DVB

မြန်မာနိုင်ငံတွင်း ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေတဲ့ အချဉ်ရေ တွေဟာ အများပြည်သူအတွက် ကျန်းမာရေးထိခိုက်နိုင်ပြီး စားသုံးဖို့ မသင့်တဲ့အတွက် သတိထားပြီး ၀ယ်ယူစားသုံးကြဖို့ စားသုံးသူကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

[caption id="attachment_28392" align="alignleft" width="300" caption="ဦးဗအုပ်ခိုင်"][/caption]

ဒီအချဉ်ရေတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးအဖွဲ့က တာဝန်ခံ ဦးဗအုပ်ခိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အခုရက်ပိုင်း သတင်းတွေထွက်နေတာ စားသောက်ကုန်တချို့မှာ စားသုံးသူကာကွယ်ရေးအဖွဲ့ကနေပြီး စစ်ဆေးတဲ့နေရာမှာ စားသုံးရန် မသင့်တဲ့ အစားအစာတွေ တွေ့ရတယ်လို့ ကြားသိရတယ်။ အဲဒါ ဘယ်အမျိုးစားတွေလဲ။

“ဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ် နေရာတိုင်းမှာ ရောင်းနေတဲ့ အချဉ်ရေတွေပါ။ အချဉ်ထုပ်မဟုတ်ဘူး။ သူတို့က ပုလင်းနဲ့လာတာမဟုတ်ဘဲနဲ့ အထုပ်တွေနဲ့ လာတာ။ သူတို့မှာ သက်တမ်းကုန်ဆုံးတဲ့ နေ့စွဲမပါဘူး။ ထုတ်လုပ်တဲ့ ရက်စွဲမပါဘူး။ နောက်ပြီးတော့ အထဲမှာပါဝင်တဲ့ ကုန်ပစ္စည်းအမျိုးအမည်တွေရဲ့ အချိုးအစားတွေလည်း မပါဘူး။ အက်ဖ်ဒီအေ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့က စစ်ဆေးထားတဲ့ စစ်ဆေးချက်လည်း မပါဘူး။ လုပ်ငန်းရဲ့ လိပ်စာမပါဘူး။ အဲဒါ မရိုးသားတဲ့သဘောပေါ့။”

ဒီအချဉ်ရေတွေက ဈေးကွက်ထဲမှာ ဘယ်လောက်ထိအောင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီလဲ။

“ဘယ်လောက်ထိအောင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေလဲဆိုတော့ ရန်ကုန်မြို့လယ်ကောင်ကနေစပြီး ဆင်ခြေဖုံး မြို့နယ်တွေ မြောက်ဥက္ကလာတို့၊ လှိုင်သယာယာတို့၊ ရွှေပြည်သာတို့ အဲလိုမြို့နယ်တွေမှာ အသုပ်ဆိုင်တိုင်း၊ နောက် ၀က်သားတုတ်ထိုးတို့ဆိုင်တိုင်း၊ အကြော်ဆိုင်တိုင်းမှာ ဒါတွေချည်းပဲ သုံးနေတာ။ သူက တားမြစ်ဆိုးဆေးတွေနဲ့ ဆာလဖြူရစ်အက်စစ်တွေနဲ့ ကြာရှည်ခံဆေးတွေရယ်။ ဒါတွေအကုန်လုံးက အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်လမ်းကြောင်း ကင်ဆာတို့ ဖြစ်စေနိုင်တဲ့ ကုန်ပစ္စည်းတွေချည်းပဲ။ ”

စားသုံးသူများ ကာကွယ်ရေးအဖွဲ့က ဒီပစ္စည်းတွေကို ဘယ်လိုမျိုး စစ်ဆေးပြီး ပစ္စည်းတွေရဲ့ အန္တရာယ်ဟာ ဘယ်လောက်ထိရှိလဲဆိုတာ စစ်ဆေးတွေ့ရှိရလဲ။

“ဈေးကွက်ထဲက ၀ယ်ပြီး ကျနော်တို့က စစ်လိုက်တာပါ။ အန္တရာယ်ကတော့ ဒီထဲမှာပါတဲ့ ဆာလဖြူရစ်အက်စစ်ဆိုလည်း ဘက်ထရီအိုးထဲ ထည့်တဲ့ပစ္စည်းပါ။ စားသောက်ကုန်တဲ့ထည့်တဲ့ ပစ္စည်းမဟုတ်ဘူး။ သူက ပုဆိုးတွေနဲ့ ထိရင်တောင် စားသွားသေးတာပဲ။ ဒီအူတွေ၊ အသည်းတွေကို ဒီအက်စစ်က စားတာပဲလေ။ အဲတော့ အစာအိမ်ကင်ဆာတွေ၊ အသည်းကင်ဆာတွေ၊ ရေရှည်စားရင် အသေအချာ ဖြစ်နိုင်တယ်။ လတ်တလောကတော့ ၀မ်းလျှော၊ ၀မ်းပျက်၊ ၀မ်းကိုက်၊ အစာအိမ်ရောင်တာတို့ ဖြစ်နိုင်တယ်။”

ရှေ့ဆက်ပြီး စားသုံးသူကာကွယ်ရေးအဖွဲ့ကနေပြီး ဒီအချဉ်ရေတွေကို ပြည်သူတွေထဲမှာ ဆက်မပျံ့နှံ့သွားအောင်လို့ တာဝန်ရှိသူတွေနဲ့ပေါင်းပြီး ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ။

“အခု မီဒီယာတွေကတော့ သတင်းထုတ်ပြန်နေပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်တွေကနေ ဒါတွေဟာ မစားသင့်ဘူးဆိုတာ ကျနော်တို့ ပြည်သူတွေကို အသိပေးပြီးတော့ ပညာပေးနေပါတယ်။ ကျနော်တို့က အခုမှတ်ပုံတင်တော့တင်ထားတယ်။ မှတ်ပုံတင်မကျသေးတဲ့အတွက် တရားစွဲဆို အရေးယူတာတွေတော့ ကျနော်တို့ လုပ်လို့မရသေးပါဘူး။”

တချို့အမှတ်တံဆိပ်တွေထဲမှာလည်း စားသုံးဖို့သင့်တဲ့ဟာတွေလည်း ရှိမှာပေါ့။ အဲတော့ စားသုံးရန်သင့်နဲ့ မသင့် အချဉ်ထုပ်တွေကို ဘယ်လိုခွဲခြားမလဲ။

“အဲဒါက အထုပ်တွေပေါ်မှာ ကျနော်တို့အဖွဲ့ကပဲဖြစ်ဖြစ်၊ အက်ဖ်ဒီအေကပဲ ဖြစ်ဖြစ် စစ်ဆေးထားတဲ့ စစ်ဆေးချက်၊ ထောက်ခံချက် မပါရှိရင်၊ နောက်ပြီး လုပ်ငန်းလိပ်စာတို့ သက်တမ်းကုန်ဆုံးမယ့် နေ့စွဲတို့ မပါရှိရင် အဲဒါတွေကို လုံးဝ ၀ယ်ယူ မစားသုံးသင့်ပါဘူး။”

ဥပမာ ၀က်သားတုတ်ထိုးဆိုင်တို့၊ သာမန်လမ်းဘေးဆိုင်တွေမှာ ၀ယ်စားတဲ့ စားသုံးသူတွေကျတော့ သူတို့အနေနဲ့ အမှတ်တံဆိပ်ကို မမြင်ရဘူး၊ စားသုံးဖို့ သင့်လား၊ မသင့်လား ဆိုတာ ဘယ်လိုမျိုးသိနိုင်မလဲ။ အဲအတွက် ဘယ်လိုအကြံပေးချင်လဲ။

“အကြံပေးချင်တာကတော့ အရေးယူပိုင်ခွင့်ရှိတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနအနေနဲ့ ဒါတွေကို စစ်ဆေးပြီး စားသောက်ဆိုင် စစ်တဲ့ စည်ပင်မှာကျန်းမာရေးအဖွဲ့ရှိပါတယ်။ စစ်ဆေးပြီး ဒါတွေကို တရားစွဲဆို အရေးယူတာတွေကို လုပ်သင့်တယ်၊ ဒါမှ ပပျောက်သွားမှာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013