DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံး
DVB
·
March 19, 2019
တနင်္သာရီမြို့နယ်တွင် မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံး
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်မှာ မတ်လ ၁၈ ရက် ညနေ ၄ နာရီလောက်က မီးကြွင်းမီးကျန်ကတဆင့် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၆ လုံး ပျက်စီး ဆုံးရှုံးသွားပါတယ်။

ချောင်းကြီးရပ်ကွက်၊ တိုးချဲ့ ၃ လမ်းမှာ နေထိုင်တဲ့ ဦးမျိုးကျင်ဟာ နေ့လယ်စာ ထမင်းဟင်းချက်ပြီး အိပ်မောကျသွားချိန် မီးသွေးမီးဖိုရဲ့ မီးကြွင်းမီးကျန်ကတဆင့် ဝါးထရံကို မီးစွဲလောင်ခဲ့တာပါ။

မီးလောင်နေတာကို နေအိမ်ရှေ့ လမ်းပေါ်မှာရှိနေတဲ့ သမီးဖြစ်သူက တွေ့ရှိပြီး အော်ဟစ်တာကြောင့် ဦးမျိုးကျင် အိပ်ရာကထပြီး ရေနဲ့လောင်းကာ မီးငြှိမ်းသတ်ခဲ့ပေမယ့် မီးညွန့်မကျိုးဘဲ အနီးပတ်ဝန်းကျင်ရှိ နေအိမ်တွေကို မီးဆက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက “တိုးချဲ့ ၃ လမ်းက မီးစလောင်တယ်။ မီးလောင်တဲ့အချိန်မှာ လေပြင်းတိုက်တော့ မီးစလောင်တဲ့အိမ်နဲ့ ကျောချင်းကပ်နေတဲ့အိမ်ကို ကူးပြီးလောင်တယ်။ အိမ်ခြေ ၆ လုံး မီးဘေးသင့်ပြီး နေအိမ် ၇ လုံးကိုတော့ မီးထပ်မကူးအောင် အမိုးအကာတွေ ဖြိုဖျက်လိုက်ရတယ်" လို့ ပြောပါတယ်။

မီးလောင်ရာသို့ တနင်္သရီမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ တပ်မတော်သားတွေ၊ ဒေသခံတွေ ဝိုင်းဝန်းငြှ်ိမ်းသတ်တာကြောင့် ညနေ ၄ နာရီ ၅၀ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုမရှိဘဲ မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၆ စုက လူဦးရေ ၃၀ လောက်ကို ချောင်းကြီး ဘုန်းတော်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချပေးထားပါတယ်။

မီးစလောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးမျိုးကျင် (၅၈) နှစ်ကိုတော့ တနင်္သာရီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅  ပေါ့ဆမီးလောင်ကျွမ်းမှုနဲ့ အရေးယူထားပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013