DVB Logo
Home
မြန်မာသတင်း
နိုင်ငံသူနိုင်ငံသားတိုင်း တန်းတူညီတူ အခွင့်အရေးရှိရမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
March 18, 2019
နိုင်ငံသူနိုင်ငံသားတိုင်း တန်းတူညီတူ အခွင့်အရေးရှိရမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း တန်းတူညီတူအခွင့်အရေးရှိဖို့နဲ့ ယဉ်ကျေးခေတ်မီတဲ့ နိုင်ငံဖြစ်ဖို့ တရားတဲ့ ဥပဒေတွေ စိုးမိုးအောင်လုပ်ဆောင်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၁၈ ရက်က  ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအပါအဝင်  ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံသူနိုင်ငံသားတိုင်းဟာ တန်းတူညီတူ အခွင့်အရေး ရှိရမယ်။ နိုင်ငံတနိုင်ငံမှာ နိုင်ငံသူနိုင်ငံသားတိုင်းဟာ တန်းတူညီတူ အခွင့်အရေးမရှိဘူးဆိုရင် ဒီနိုင်ငံဟာ တကယ့်တိုးတက်တဲ့ နိုင်ငံ၊ တကယ့်ခေတ်မီတဲ့နိုင်ငံလို့ ပြောလို့ မရဘူး။ တချို့က ခေတ်မီတဲ့ နိုင်ငံဆိုတာ တိုက်ကြီးတွေ တာကြီးတွေရှိတဲ့နိုင်ငံမှ ခေတ်မီတဲ့ နိုင်ငံလို့ ထင်တယ်။ နည်းပညာတွေ အင်မတန်မှာ တိုးတက်တဲ့နိုင်ငံမှ ခေတ်မီတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျမအမြင်မှာတော့ တကယ်ခေတ်မီတဲ့ နိုင်ငံဆိုတာ ကျမတို့ရဲ့ ပြည်သူတွေကို စိတ်လုံခြုံမှုနဲ့ ကိုယ်လုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ဒီလုံခြုံမှု နှစ်ခုစလုံးကို ပေးနိုင်မှ ကျမတို့ဟာ ခေတ်နဲ့အညီ ပြေးနိုင်မယ်လို့ သုံးသပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီး က တချိန်လုံး ပြောင်းလဲနေတယ်။ ပြောင်းလဲနေတာနဲ့အမျှ ကျမတို့ရဲ့ လူ့အသိုင်းအ၀ိုင်းက လိုက်ပြီး ပြောင်းလဲရမယ်။ ဒီလိုလောကကြီးရဲ့ လိုအပ်ချက်တွေ လောကကြီးမှာ ဖြစ်နေတဲ့ ခုခေတ်ဖြစ်နေတဲ့ ပြဿနာတွေကို ကျမတို့ မရင်ဆိုင်နိုင်ဘူး၊ မကျော်လွှားနိုင်ဘူးဆိုရင် ဘယ်လိုလုပ် ကျမတို့ ခေတ်ကို ထူထောင်နိုင်မလဲ။ ကျမတို့ ခေတ်အနောက်မှာ ကျန်ရစ်ခဲ့မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ယဉ်ကျေးတဲ့ ခေတ်မီတဲ့နိုင်ငံဖြစ်ဖို့  တရားတဲ့ ဥပဒေတွေ စိုးမိုးဖို့လိုတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ ခေတ်မီဖို့အတွက် အရေးအကြီးဆုံး ကိစ္စဟာ တရားဥပဒေစိုးမိုးရေးပဲ၊ ဒါကို ကျမ ထပ်တလဲလဲပြောနေတယ်၊ တချို့တွေက တရားဥပဒေစိုးမိုးရေး ဆိုတဲ့ဝေါဟာရကို အင်မတန်မှ ငြီးငွေ့စရာကောင်းတယ်ဆိုပြီး စိတ်မ၀င်စားကြဘူး။ တရားဥပဒေဆိုတာလည်း စိတ်မ၀င်စားဘူး၊ စည်းမျဉ်းစည်းကမ်းဆိုတာလည်း စိတ်မ၀င်စားဘူး။ ဒါပေမယ့် တရားဥပဒေဆိုတာ ကျမတို့ အားလုံး တယောက်ချင်း တယောက်ချင်းရဲ့ လုံခြုံမှုအတွက် ရှိနေတာဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ဒေသခံတဦးက မြေသိမ်းတာနဲ့ ကျူုးကျော်ကိစ္စတွေကို အာဏာပိုင်တွေက နှုတ်မိန့်နဲ့ဆောင်ရွက်တာတွေရှိတယ်လို့ တင်ပြချက်အပေါ်မှာလည်း  ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဘယ်သူ့နှုတ်မိန့်နဲ့မှလုပ်လို့မရဘူးလို့ တိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သလို ပြည်သူတွေရဲ့တိုင်ကြားချက်တွေကိုလည်း ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်ကျင်းပဖို့ရှိနေတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားသစ်ဖွင့်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013