DVB Logo
Home
မြန်မာသတင်း
စိတ်မနှံ့သူအား ရွာသူကြီးနှင့် အဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက် သေဆုံးသည့်ကိစ္စ အမှုဖွင့်တိုင်ကြား
DVB
·
March 15, 2019
စိတ်မနှံ့သူအား ရွာသူကြီးနှင့် အဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက် သေဆုံးသည့်ကိစ္စ အမှုဖွင့်တိုင်ကြား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့နယ် မိုင်းပိုင်ကျေးရွာအုပ်စု ကောင်းဟုန်းရွာထဲမှာ စိတ်မနှံ့တဲ့သူကို ရွာသူကြီးနဲ့ အဖွဲ့ဝင်တွေက ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ သေဆုံးသူရဲ့မိခင်က ပြောပါတယ်။

သူမရဲ့ သားအလတ် စိုင်းအိုက်ထွန်း (အသက် ၃၄ နှစ်) မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ စိတ်ဖောက်ပြန်သလို ဖြစ်သွားခဲ့ကြောင်း၊ ဒါပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခပေးတာ မရှိခဲ့ဖူးဘဲ သူကြီး ချင်းထွန်းက စိတ်မနှံ့သူ ရွာထဲမထားသင့်ကြောင်း ပြောဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က အိမ်မှာ လာရောက်ဖမ်းဆီး နှိပ်စက်ရင်း သေဆုံးသွားတယ်လို့ မိခင်ဖြစ်သူ ဒေါ်နန်းကျောင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ လူအုပ်ကြီးနဲ့ ဝင်လာတယ်။ ကျမသားက ကြောက်ပြီး ဓားကိုင်တာ၊ သူကိုင်တဲ့ ဓားကလည်း အတုံးကြီးပါ။ သူတို့ကို ဓားနဲ့ခြိမ်းခြောက်တယ်လို့ ပြောပြီး ကျမတို့ခြံထဲမှာပဲ ကြိုးတုတ်ပြီး သစ်ပင်မှာ တွဲလောင်းချထားတယ်။ အဲဒါ ကျမတို့ တောင်းပန်တာလည်း မရဘူး၊ အစာလည်းမကျွေး၊ ရေလည်းမတိုက်၊ အဲဒါနဲ့ သားက ရေငတ်တယ်ချည်း အော်နေလို့ ရေပုံးနဲ့ ခေါင်းကိုလောင်းချတယ်၊ ပြီးတော့ ရိုက်တယ်။ ကျမက တားတယ်။ သားကို သေအောင်မရိုက်ပါနဲ့၊ သူက ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဘူး။ အမေ့မျက်နှာ ထောက်ပါဦးလို့။ အဲလို တောင်းပန်လည်း မရဘူး။ လူအများကြီး ဝိုင်းရိုက်တယ်၊ ပြည်သူ့စစ်လည်း ပါတယ်၊ သွေးတွေ အများကြီး ထွက်လာတယ်၊ မျက်လုံးလည်း ထွက်ကျတယ်၊ နောက်နေ့မနက်တော့ သားက အသက်မရှိတော့ဘူး။”

သူကြီးနဲ့အဖွဲ့ဟာ အလောင်းကို အဲဒီခြံထဲမှာပဲ မီးရှို့ပြီး သူတို့နေတဲ့တဲကိုလည်း မီးရှို့ပစ်ခဲ့ကြောင်း၊ သားက သူတို့ကို ရန်ပြုလို့ လုပ်ရတဲ့အကြောင်း လက်မှတ်ထိုးခိုင်းရာမှာ အဲလိုမဟုတ်လို့ လက်မှတ်မထိုးပေးခဲ့ကြောင်း၊ ဒီကိစ္စ ဘယ်သူမှ ဘယ်ကိုမှမတိုင်ဖို့ ခြိမ်းခြောက်တဲ့အတွက် မိသားစုတွေ ရွာမှာ မနေရဲတော့ဘဲ လားရှိုးမြို့ဘက် တိမ်းရှောင်လာကြတယ်လို့ ဆိုပါတယ်။

သားဖြစ်သူ အသတ်ခံရတဲ့ကိစ္စ ဘယ်လိုမှ လက်မခံနိုင်လို့ လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို လာရောက်တိုင်ကြားခဲ့တာလို့ ဒေါ်နန်းကျောင်းက ပြောပါတယ်။

လားရှိုး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်နန်းကျောင်းနဲ့ ဆွေမျိုးတွေခေါ်ပြီး မတ် ၁၄ ရက်နေ့က လားရှိုးမြို့မရဲစခန်းမှာ မိုင်းပိုင်အုပ်စု အုပ်ချုပ်ရေးမှူး၊ ကောင်းဟုန်းရွာသူကြီးနဲ့ ရိုက်နှက်တဲ့အထဲပါသူ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ဆေးအရေးယူပေးဖို့ အမှုဖွင့် တိုင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ သူကြီးတွေအနေနဲ့ အာဏာသုံးပြီး အခုလို မည်သူ့ကိုမဆို ရိုက်ချင်တိုင်းရိုက်၊ သတ်ချင်တိုင်း သတ်နေတာဟာ တည်ဆဲဥပဒေကို မျက်ကွယ်ပြုပြီး လူ့အခွင့်အရေးကိုပါ ချိုးဖောက်ရာရောက်ကြောင်း လားရှိုးမြို့နယ် ကျားခေါင်းပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။

ဒါ့အပြင် ဥပဒေအရ သေဒဏ်အပြစ်ပေးခံရသူတောင်မှ တရားခွင်မှာ အဆင့်ဆင့် စစ်ဆေး အယူခံဝင်ခွင့်ရကြောင်း၊ အခုလို အလွယ်တကူ ရိုက်နှက်သတ်ဖြတ်တာကို လက်မခံနိုင်ဘဲ အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတရေးအတွက် ပါတီအနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013