DVB Logo
Home
မြန်မာသတင်း
အက်စ်အက်စ်အေ မြောက်ပိုင်းနှင့် အစိုးရ ငြိမ်းချမ်းရေးထပ်မံဆွေးနွေး
DVB
·
October 10, 2012
အက်စ်အက်စ်အေ မြောက်ပိုင်းနှင့် အစိုးရ ငြိမ်းချမ်းရေးထပ်မံဆွေးနွေး
Donate to DVB

မကြာသေးခင်က အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရငြိမ်း ချမ်းရေး ကိုယ်စားလှယ်တွေ လားရှိုးမြို့မှာ ဒီနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေထပ်မံပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းက လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရွှေလီရတနာခန်းမမှာ  ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့က  ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စ၀်ခွန်ဆိုင် ဦးဆောင်ပြီး  အစိုးရဘက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့  နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာပါ။

ဒီဆွေးနွေးပွဲမှာ  ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက မိုင်းရှူးနဲ့ တန့်ယန်းမြို့နယ်တွေမှာ  လူပေါင်း ၃၅၀၀ အတွက် ပြန်လည်နေရာချထားရေး၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ဖို့နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နယ်မြေအကြောင်းတွေ  အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“၂ ပိုင်းဆွေးနွေးတယ်။ ပထမပိုင်းက ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပေါ့။ ဒုတိယပိုင်းကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ နေရာချထားရေးနဲ့ နှစ်ဖက်တပ်တွေ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေတွေ ဆွေးနွေးတယ်။”

ဆွေးနွေးပွဲ မပြီးပြတ်သေးတဲ့အတွက် အပြီးသတ်ဆုံးဖြတ်ချက်တွေ မချနိုင်သေးတဲ့အကြောင်းနဲ့ မနက်ဖြန်လည်း ဆက်ပြီးဆွေးနွေးဖို့ ရှိတယ်လို့ ဦးလှမောင်ရွှက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က  ဗဟိုကော်မတီဝင် ၈ ဦးနဲ့ အဖွဲ့ဝင် ၃ ဦး၊ အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က အစိုးရနဲ့ ပထမအကြိမ်   ငြိမ်းချမ်းရေး လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံတဲ့အတွက်  ပြီးခဲ့တဲ့နှစ်က ၇ လကျော် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ခတ်ရပ်ရေး ကမ်းလှမ်းပြီးတဲ့နောက် ဒီနှစ်ဆန်းပိုင်းမှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်မြေကျော်လွန်မှုတွေကြောင့် အပစ်ခတ်ရပ်ပြီးပေမယ့် တိုက်ပွဲပေါင်း အကြိမ် ၃၀ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013