DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေ
DVB
·
March 15, 2019
ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေ
Donate to DVB

ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်လို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူတွေ မြေယာသိမ်းခံရမှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်တဲ့ နေရာမှာ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် ဖြေရှင်းပေးမှုတွေ မအောင်မြင်တာ များတယ်လို့လည်း ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားလိုက်တာပါ။

“ကျနော်တို့က အသိမ်းခံရတဲ့လူနဲ့ သိမ်းခဲ့တဲ့လူကြားမှာ ဌာနဆိုင်ရာတွေ ပါတာပေါ့။ အဲဒီမှာ ကြားနာပွဲလေးလုပ်တယ်၊ လွှတ်တော်မှာ။ လုပ်ပြီး ထွက်လာတဲ့ရလဒ်ကို ကျနော်တို့က အစိုးရကို ပို့ပေးတယ်ပေါ့။ အစိုးရကို ပို့ပေးတဲ့နေရာမှာ ကျနော်တို့အစိုးရက ဘာလုပ်ပြီးပြီဆိုတာ ယနေ့ထက်ထိ ပြန်တာမရှိဘူး။ reply မရှိဘူး။ ကျနော်တို့ကတော့ ကျနော်တို့ကို ဘာပဲတိုင်လာလာ အသေးအမွှားပဲဖြစ်ဖြစ် တန်ဖိုးထားတယ်။ အကြီးအမားလည်း တန်ဖိုးထားတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်တဲ့လူနဲ့ အတိုင်ခံရတဲ့သူနဲ့ ပြေလည်သွားရင် ပြီးပြီ။ မပြေလည်လို့ရှိရင် ကျနော်တို့က ဆိုင်ရာကို ပို့ပေးတယ်။ ကျနော်တို့ရဲ့ တိုင်စာပစ်စာအဖွဲ့က အခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းတာ သူတို့ဝန်ကြီးတခါမှ ကွင်းဆင်းတယ်လို့ မကြားဘူး။ မအောင်မြင်ဘူး၊ မပြန်လာနိုင်ဘူး ဆိုတာကလည်း ဝန်ထမ်းတွေ ခေါက်ထားရင် ခေါက်ထားမှာပေါ့။ နောက်တချက်က ဝန်ကြီးအားနည်းချက်လို့ ကျနော်မြင်တယ်။ သူတို့ကောင်းကောင်း ကျနော်နဲ့ ပေါင်းလုပ်လို့ရှိရင် မအောင်မြင်နိုင်စရာ မရှိဘူး။”

ဒါ့အပြင် ကယားပြည်နယ်လွှတ်တော်ထဲမှာ ပြည်သူအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ အင်အားမျှနေတဲ့အတွက် အတော်လေးစဉ်းစားရတယ်လို့လည်း လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

ကယားပြည်နယ်လွှတ်တော် သက်တမ်း ၃ နှစ်ကျော်ကာလအတွင်း ကယားပြည်နယ် ပြတိုက်နဲ့ စာကြည့်တိုက်များဥပဒေ၊ ကယားပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေနဲ့ ကယားပြည်နယ် မြေယာဥပဒေ စတဲ့ ဥပဒေ ၃ ခုသာ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်သက်တမ်းအတွင်း ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၃၃ ခုနဲ့ ကြယ်ပွင့်မပြမေးခွန်း ၃၁ ခု မေးမြန်းနိုင်ခဲ့ပြီး အဆို ၁၃ ခု တင်တွင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုတွေထဲမှာဆိုရင် ကယားစာပေသင်ရိုးညွှန်းတမ်းနဲ့ ယင်းတလဲသင်ရိုးညွှန်းတမ်း စာပေအဆိုကို အတည်ပြုပေးခဲ့သလို ပြည်သူပိုင်မြေနဲ့ပတ်သက်ပြီး အရင်အစိုးရလက်ထက်က ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဖို့ ကြိုးပမ်းခဲ့တဲ့ကိစ္စကို လွှတ်တော်က အဆိုတင် ပယ်ဖျက်နိုင်ခဲ့တယ်လို့လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောပါတယ်။

“ပြည်သူပိုင်မြေနဲ့ ပတ်သက်ပြီးတော့ ဌေးငါးလျားကန်မှာ အရင်အစိုးရလက်ထက်က ရုံးနှစ်ရုံး ဆောက်မယ်ဆိုပြီးမှ အဲဒါကို Public ဧရိယာပါလို့ အဆိုတင်ပြီးတော့မှ ပယ်ဖျက်လိုက်တယ်။ နောက်တချက်က ကယားပြည်နယ်နေ့ ကျင်းပတဲ့ မြေနေရာပေါ့။ အဲဒီမြေနေရာက သူတို့က ရေလွှာလျှောစီးရယ်၊ ဟိုတယ်ဆောက်မယ်ဆိုပြီးမှ လုပ်တဲ့ဟာကို ကျနော်တို့က အဆိုနဲ့ဖျက်လိုက်တာ။ ဖျက်လိုက်တော့ နိုင်သွားတယ်။”

ကယားပြည်နယ်လွှတ်တော်မှာ လွှတ်တော်တက်ရောက်နိုင်တဲ့ ကိုယ်စားလှယ် ၂၀ ဦးရှိပြီး အဲဒီထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၅ ဦး ပါဝင်ပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွေကိုတော့ လတ်တလော ရပ်နားထားပြီး လာမယ့် ဧပြီ ၃ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013