DVB Logo
Home
Lead Story
လောကဓံမြားချက်တွေနဲ့ မြန်မာ့ဆင်
DVB
·
March 15, 2019
လောကဓံမြားချက်တွေနဲ့ မြန်မာ့ဆင်
Donate to DVB

မြန်မာနိုင်ငံမှာ ခုနှစ်ရက် တပတ်ကို ဆင်တကောင်နှုန်း အသတ်ခံနေရတယ်ဆိုတဲ့ သတင်း တီဗွီမှာ မြင်လိုက်ရတော့ ရင်ထဲ နင့်ကနဲ ခံစားလိုက်ရပါတယ်။

ငယ်ငယ်က အဘွားရင်ခွင်မှာ ခေါင်းဝှေ့ကာ နားထောင်ခဲ့ရတဲ့ ပုံပြင်လေးကို သတိရမိ။   ဆဒ္ဒန်ဆင်မင်းကို သောနုထိုရ်မုဆိုး မြားနဲ့ပစ်တဲ့အကြောင်း ပုံပြင်ကလေးပါ။ ဒီပုံပြင်ကလေးကို  နားထောင်ရင်း မျက်ရည်ဝဲခဲ့ရ။ ခုလည်း ဒီခံစားမှုမျိုး ပြန်ပေါ်လာ။

ဆင်တွေနဲ့ အတူနေထိုင်ခဲ့ရတဲ့ ကျေနာ့်ငယ်ဘဝကိုလည်း ပြန်မြင်ယောင်မိ။

အဖေက သူပုန်တယောက်အနေနဲ့ မြေအောက်လုပ်ငန်း လုပ်ရင်း ရန်ကုန်ထောင်မှာ ထောင်ကျ။ အမေက တနှစ်သား ကျေနာ့်ကို ခါးထစ်ခွင်ရင်း ရန်ကုန် အဘွားအိမ်ကို ပဲခူးရိုးမထဲက ပြန်ရောက်လာ။

ရန်ကုန်က ဆွေမျိုးအသိုင်းအဝိုင်းက ကျနော်တို့မိသားစုကို စောင့်ရှောက်ထား။

စကားမပီကလာ ပီကလာ ပြောတတ်နေတဲ့ ကျေနာ့်ကို ဆွေမျိုးတွေက ချစ်စနိုး စ ကြ။ ညနေစောင်းလို့ အိမ်ပြန်ချိန်ရောက်ရင် ‘ဆင်ကောက် မေမေ . . . ဆင်ကောက်' လို့ ကျနော် ပြောတော့ ဆွေမျိုးတွေက နားမလည်။

ဘာပြောတာလဲ ...  သူ ဘာတွေပြောနေတာလဲ အထူးအဆန်း ဝိုင်းမေးကြ။

‘အိမ်ပြန်မယ်လို့ ပြောတာပါ၊ သူက အိမ်ပြန်ချင်ရင် ဆင်ဦးစီးကို ဆင်ကောက်ခိုင်းတာ။ ဆင်ဖမ်းခိုင်းတာ၊ ဆင်နဲ့ အိမ်ပြန်မယ်လို့ ပြောတာ’

မေမေက ရှင်းပြတော့ ဆွေမျိုးတွေ အံသြကြရ။

အဲဒီကစလို့ ကျနော့်နာမည်ကိုလည်း ‘ဆင်ကောက်’ လို့ ခေါ်ကြပါတော့တယ်။ အိမ်နီးချင်းတွေကလည်း ‘မောင်ဆင်ကောက်’ လို့ လိုက်ခေါ်ကြပါလေရော။

‘မေမေ မက်မက် . . . မေမေ မက်မက်' လို့ ကျနော် ပြောတဲ့အခါ မေမေက ကျေနာ့်ကို ကုန်းပိုးရင်း လုပ်စရာရှိတဲ့ အိမ်အလုပ်တွေကို လုပ်ပါတယ်။

မက်မက်ဆိုတာက ဆင်ကို ဝပ်ပေးဖို့ ပြောတာပါ။ ဆင်ကို မက် မက် လို့ ပြောလိုက်တဲ့အခါ ဆင်ဟာ သူ့ကျောပေါ်ကို လူတက်ဖို့ ဝပ်ပေးပါတယ်။ သူ့ရဲ့ ကွေးထားတဲ့ ခြေထောက်ပေါ်ကတဆင့် သူ့ကျောပေါ်ကို တက်ရပါတယ်။ မေမေ့ကို ကျောပိုးခိုင်းတဲ့အခါတိုင်း ‘မေမေ မက်မက်' လို့ ပြောလေ့ရှိတာကြောင့် ကျေနာ့် ဦးလေးတွေ ဘကြီးတွေ အဘွားတွေကလည်း ကျေနာ့်ကို ကျောပိုးချင်ရင် သူတို့ကျောကို ပုတ်ပြရင်း ဟေ့ကောင် တောသား မက် မက် လို့ စနောက်တတ်ပါတယ်။

ကျနော် ရန်ကုန်ရောက်ခါစက ဆွေမျိုးတွေဆီက လူစကားသင်ရသလို ဆွေမျိုးတွေကလည်း  ကျေနာ့်ဆီက ဆင်စကား သင်ကြရတာပါ။

ဆင်ကောက်၊ မက် မက်၊ မော့ချိုး စတဲ့ ဆင်စကားတွေဟာ ကျေနာ် အခု အသက် ၆၀ ကျော်အထိ မှတ်မိနေဆဲပါ။

မေမေပြောတဲ့ အမှတ်တရတွေထဲက အကြောင်းအရာတခုကတော့ ဒီလိုပါ။

မေမေဟာ ကျနော့်ကိုယ်ဝန်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုမှာ သူနာပြုတယောက်အနေနဲ့ တာဝန်ကျနေတုန်း ဗိုက်နာလာလို့ တောတွင်းက ဆေးရုံကို ဆင်နဲ့သွားပါတယ်။ လမ်းမှာပဲ မအောင့်နိုင်လို့ နီးရာအိမ်တအိမ်ရဲ့ ဆင်ဝင်ပေါ်မှာပဲ မွေးလိုက်ရတယ်တဲ့။ တကယ်တော့ ကျေန်ာဟာ ဆင်ပေါ်မှာကတည်းက အပြင်ကို ခေါင်းထွက်နေပြီတဲ့။ ရွာသားတွေနဲ့ အိမ်ရှင် အမေမှုံကလည်း အိမ်မှာ ကလေးလာမွေးတာမို့ မင်္ဂလာရှိတယ်လို့ အယူရှိပြီး လိုလေသေးမရှိ ဝိုင်းကူကြတယ်တဲ့။ အဲဒီရွာ (တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းရွာ) မှာပဲ ခေါင်းဆေးကင်ပွန်းတပ်ပွဲကို ကျင်းပခဲ့ရတယ်လို့ ဆိုပါတယ်။ ဇေယျဆိုတဲ့ ကျနော့်နာမည်ဟာ အဲဒီ ရွာဦးဘုန်းကြီးက ပေးလိုက်တဲ့နာမည်လို့ သိရပါတယ်။ ရွာထဲမှာလည်း ဆင်တွေ၊ ဆင်ဦးစီးတွေနဲ့ အမြဲစည်ကားနေတယ်လို့ ဆိုပါတယ်။ ရွာသားတွေနဲ့ ဆင်တွေဟာ ရောထွေး သွားလာနေကြတယ်တဲ့။

အဲဒီလို ဆင်တွေနဲ့ အတူနေထိုင်ခဲ့ရလို့လားတော့ မသိပါ။ ဆင်တွေကိုမြင်တိုင်း ကျနော့်ရဲ့ရင်ထဲမှာ ဆွေမျိုးဟောင်း။ ညီအစ်ကိုဟောင်း။ မိတ်ဟောင်းဆွေဟောင်းတွေကို မြင်တွေ့ရသလို ခံစားရပါတယ်။

မုဆိုးတွေလက်ချက်နဲ့ ဆင်တွေ ပိုးစိုးပက်စက် အသက်ခံရတဲ့ ဓာတ်ပုံတွေ သတင်းစာထဲမှာ၊ ရုပ်သံထဲမှာ တွေ့ရတဲ့အခါ ရင်ကိုဖိရင်း မျက်လုံးစုံမှိတ်ထားမိတာ အခါခါပါ။

ဆင်တွေနဲ့ လူတွေဟာ ရန်သူတွေလား ဒါမှမဟုတ် မိတ်ဆွေတွေလားဆိုတဲ့ အတွေးဟာလည်း ကျေနာ့်ခေါင်းထဲ ရောက်လာလေ့ရှိပါတယ်။

ဆင်တွေဟာ ပဲခူးရိုးမပေါ်မှာ ကျက်စားနေလေ့ရှိပေမယ့် တောတွေပြုန်း တောင်ကတုံးတွေဖြစ်၊ ဆင်တွေအတွက် အစာရေစာတွေ ရှားပါးလာသလို လူတွေက တောတွေကို ခုတ်ထွင်ပြီး နေထိုင်လာကြတာကြောင့် ဆင်နဲ့လူတွေ နေရာလုတိုက်ပွဲတွေ ဖြစ်နေပြီလို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကို စိတ်ဝင်စားသူတွေက ပြောပါတယ်။ ဒီလိုဆို ဆင်နဲ့ ကျေန်ာတို့ ရန်သူတွေ ဖြစ်သွားတော့မှာလား။

အခုအခါမှာတော့ ဆင်ဟာ မျိုးသုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတ္တဝါအဖြစ် စာရင်းသွင်းခံထားရပြီး နိုင်ငံတော်က အကာအကွယ် ပေးထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဆင်ကိုသတ်ရင် ဒါမှမဟုတ် ဒဏ်ရာအနာတရ ဖြစ်အောင်လုပ်ရင် ထောင်ဒဏ် ၇ နှစ် ဒါမှမဟုတ် ငွေ ၅၀၀၀၀ (ငါးသောင်းကျပ်) ဒဏ်ရိုက်နိုင်ပါတယ်။

တကယ်တော့ ဆင်တွေရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံမှာ ရာစုနှစ်နဲ့ချီပြီး အရေးပါ အရာရောက်ခဲ့တာပါ။ အဘိုးအဘွားတွေ ပြောပြခဲ့တဲ့ ဆင်တကောင်နဲ့ ပုဏ္ဏားခြောက်ယောက် အကြောင်း၊ ဆင်သေကောင်နဲ့ ကျီးမိုက်လို ပုံပြင်မျိုးတွေဟာ အခုထိ ကျေန်ာတို့ကို လွှမ်းမိုးနေဆဲပါ။

ဆင်ဖိုးထက် ချွန်းဖိုးကြီး၊ ဆင်သွားရင် လမ်းဖြစ်၊ ဆင်ကျီစား ဆိတ်မခံနိုင်၊ ဆင်စီးမြင်းရံ၊ ဆင်ပြောင်ကြီး အမြီးကျမှတစ်၊ စတဲ့ စကားပုံတွေဟာလည်း ကျေန်ာတို့ ဒီနေ့အထိ သုံးစွဲနေကြတုန်းပါ။

ဆင်ဟာ ကျေန်ာတို့ရဲ့ ဘာသာရေး၊ လူမှုရေး၊ ဘာသာစကား၊ ဓလေ့ထုံးစံတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင် နေရာယူထားပါတယ်။

ဆင်နဲ့ ကျနော်တို့ဟာ နှစ်ပေါင်းထောင်နဲ့ချီ သဟဇာတဖြစ်အောင် နေခဲ့ကြတာပါ။ ခုအချိန်မှာ ဒီလိုအနေအထားမျိုး ပြန်ရောက်အောင် ကြိုးစားရပါဦးမယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တောဆင်ရိုင်း ကောင်ရေ ၁၅၀၀ လောက်ရှိပြီး မှတ်ပုံတင်ထားတဲ့ဆင် ၃၀၀၀ ကနေ ၅၀၀၀ ထိ ရှိနေပါတယ်။

မတူညီမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ လောကကြီးမှာ တဦးနဲ့တဦး သဟဇာတဖြစ်အောင် နေနိုင်လေ သဘာဝ လောကကြီး လှပလေလေ ဖြစ်ပါတယ်။

ကျနော်တို့ ဆင်တွေနဲ့ သဟဇာတဖြစ်အောင် နေဖို့ဆိုရင် ဆင်အကြောင်းကိုသိဖို့ နားလည်ဖို့လည်း အများကြီးလိုပါတယ်။

အဲဒီလိုနားလည်ဖို့ ကျေန်ာတို့ မြေးငယ်ကလေးတွေကို ရင်ခွင်ထဲထွေးပိုက်ကာ ဆင်ပုံပြင်တွေ ပြောကြရအောင်ပါ။

အဲဒါမှ တိုက်ဆင်တွေ မြားဒဏ်ကို ကြံ့ကြံ့ခံနိုင်သလိုမျိုး နောင်မျိုးဆက်တွေဟာ လောကဓံမြားချက်တွေကို ကြံ့ခံနိုင်တဲ့စိတ်ဓာတ်တွေ ရှိလာမှာပါ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013