DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် အမျိုးသမီးများ ပထမဆုံးအကြိမ် တရားဝင်ဆန္ဒပြ
DVB
·
October 10, 2012
စစ်တွေတွင် အမျိုးသမီးများ ပထမဆုံးအကြိမ် တရားဝင်ဆန္ဒပြ
1 / 2
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ထောင်နဲ့ချီတဲ့  အမျိုးသမီးတွေက သူတို့ဘ၀တွေ အေးချမ်းလုံခြုံမှု ရှိရေးအတွက် ဒီနေ့ မွန်းလွဲပိုင်းက ပထမဆုံးအကြိမ် မြို့ထဲလှည့်လည် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အဖြူရောင် တီရှပ်ဆင်တူဝတ်ထားတဲ့ အမျိုးသမီး ၂၀၀ လောက် အပါအ၀င် စစ်တွေမြို့က ရခိုင်အမျိုးသမီး ၃၀၀၀ လောက်ဟာ စစ်တွေမြို့ အရှေ့ဘက် ကမ်းနားလမ်း အေးစေတီမှာ စုစည်းပြီး  မြို့လယ်ရှိ ဆရာတော်  ဦးဥတ္တမ ရုပ်တုရှိရာကို  မိုးရွာထဲမှာ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြတာပါ။

[caption id="attachment_31803" align="alignleft" width="300" caption="(ဓာတ်ပုံ- Rakhine Straight Views ဖေ့ဘွတ်စာမျက်နှာ)"][/caption]

လမ်းလျှောက်ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ဆရာတော်ဦးဥတ္တမ ရုပ်တုကို လက်ဝဲရစ် ၃ ပတ်ပတ်ပြီး သစ္စာတိုင်တယ်၊ အဓိဋ္ဌာန်တိုင်တည်တယ်၊ ကန်တော့တယ်။ အခု ဆောင်ရွက်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကိစ္စတွေ အောင်မြင်ပါစေလို့။ မြို့သူမြို့သားတွေက ၀ိုင်းဝန်း ဩဘာပေး လက်ခုပ်တီးပြီး ကြိုဆိုကြတယ်။ မိုးကလည်း တအားရွာတယ်၊ ဦးထုပ်၊ ထီး မဆောင်းဘဲနဲ့ ဒီအတိုင်း ငြိမ်းချမ်းစွာပဲ လမ်းလျှောက်တယ်။ အပြန်မှ ကြွေးကြော်သံတွေ တိုင်ပေးပြီး ကြွေးကြော်ကြတယ်။”

အမျိုးသမီးတွေ  ပိုစတာကိုင်ပြီး တောင်းဆိုခဲ့တဲ့အချက်တွေမှာ  မြေမျို၍ လူမျိုးမပျောက်၊ လူမျို၍ လူမျိုးပျောက်မည်။ မြန်မာအမျိုးသမီးဘ၀ လှပလုံခြုံမှုရှိပါစေ။ မြန်မာတမျိုးသားလုံး အားလုံး စည်းလုံးညီညွတ်ကြ  စတဲ့အချက်တွေ ပါဝင်တယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဆန္ဒပြပွဲမှာ နိုင်ငံရေးပါတီ၊ ရှေ့နေ၊ အစိုးရ၀န်ထမ်း၊ လူမှုရေးအဖွဲ့အစည်းနဲ့ မြို့ပေါ် ဆင်ခြေဖုံး ရပ်ကွက်က အမျိုးသမီးတွေပါ စုစုပေါင်း ၃ ထောင်ကျော် ပါဝင်ခဲ့တယ်။ အမျိုးသားတွေက ဘေးကနေ လက်ချင်းချိတ်ပြီး လုံခြုံရေးယူခဲ့တယ်လို့လည်း သိရပါတယ်။

ဇွန်လဆန်းပိုင်းကစပြီး ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်အမျိုးသမီးတွေဟာ နေ့စဉ်ဘ၀ လုပ်ကိုင်စားသောက်ရာမှာ ထိတ်လန့်ကြောက်ရွံ့စွာနေနေ ရတယ်လို့ ဆန္ဒပြပွဲပါဝင်သူ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

“အကြမ်းဖက်သမားတွေကြောင့်  အခုနောက်ပိုင်းနေရတာ လုံးဝ ငြိမ်းချမ်းမှုမရှိဘူး။ လုံခြုံမှုလည်းမရှိဘူး။ ကျမတို့ မိန်းကလေးတွေအတွက် အများကြီး စိုးရိမ်ရတယ်။ လုံးဝ ငြိမ်းချမ်းမှုမရှိတဲ့အတွက် ဒီလိုဆန္ဒပြတာပါ။ အချိန်တိုင်း အချိန်တိုင်း စိုးရိမ်နေရတယ်။ အလုပ်သွားတဲ့အခါလည်း စိုးရိမ်ရတယ်။ အိမ်မှာနေတဲ့အခါလည်း သူတို့တွေ ဘယ်လိုလာပြီး နှောင့်ယှက်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ အမြဲတမ်း စိုးရိမ်နေရတယ်။ မိန်းကလေးတွေ အလုပ်သွား အလုပ်ပြန်အချိန်တွေမှာလည်း စိုးရိမ်ရတယ်။”

အခုလို ဆန္ဒထုတ်ဖော်ပွဲလုပ်လိုက်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စိတ်ဖိစီးမှုတွေကို အနည်းငယ်ဖြေလျော့သွားစေတယ်လို့ ဆိုပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲကို မူလက  စက်တင်ဘာလ ၃၀ ရက်နေ့မှာ  ပြုလုပ်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးကို စာတင်ခဲ့ပေမယ့်လည်း တောင်းဆိုချက်ထဲပါတဲ့ စာသားတချို့ကြောင့် ၂ ပတ်ဆိုင်းငံ့ခံခဲ့ရပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့မှာ ပြည်နယ်အုပ်ချုပ်ရေးရုံးက  ဒု-ရဲမှူးကြီး ဦးအောင်ကျော်ဦးရဲ့ လက်မှတ်နဲ့ ခွင့်ပြုချက်ကျလာတဲ့အတွက် ဒီနေ့မှ ဆန္ဒပြပွဲ ကျင်းပခဲ့ရတာဖြစ်ပါတယ်။

ဇွန်လဆန်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခမှာ သေဆုံးသူ ၈၀ ဦး၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅ ထောင်ဝန်းကျင်နဲ့ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက်စီးခဲ့တယ်လို့ နယ်စပ်ရေးရာဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်မှူးကြီးသိန်းဌေးက ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013