DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေကြီးမှုကြောင့် စိုက်ပျိုးမြေပျက်စီး
DVB
·
October 10, 2012
Donate to DVB

ပြီးခဲ့တဲ့သီတင်း ၂ ပတ်လောက်က ဧရာဝတီမြစ်ရေ အချိန်အခါမဟုတ် မြင့်တက်လာတဲ့အတွက် မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် မြစ်ဘေးတလျှောက်က နန်းတော်ကျွန်း၊ ကြံခင်း၊ သပြေသာ စတဲ့   ကျေးရွာတွေမှာ ရေကြီးပြီး စိုက်ပျိုးထားတဲ့ အပင်တွေ ပျက်စီးကုန်ပါတယ်။

ရေကြီးမှုကြောင့်  စိုက်ပျိုးထားတဲ့ မြေပဲ၊ ပဲပုပ်၊ ပဲစင်းငုံနဲ့ စပါးခင်း စုစုပေါင်း ဧက ၅ ထောင်လောက် ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးကိုကြီးက ပြောပါတယ်။

“မတ္တရာနယ် ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ပဲပုပ်စေ့တို့၊ ပဲကြမ်းတွေက ရေကျတယ်ဆို ကြဲရ တယ်။ ကြဲတဲ့အခါ ပဲကြမ်းတွေက ရေမြုပ်သွားတော့ မတ္တရာနယ်ရယ်၊ မြစ်ရိုးအတိုင်းပြောမယ်ဆိုရင် စစ်ကိုင်းအရှေ့ဖျား ဧရာဝတီမြစ်ဘေးက ရွာတွေရယ်၊ ပုသိမ်ကြီးနယ်အစပ် အနောက်ဖျားပေါ့ အဲမြေဧကတွေ ပေါင်းရင် ဧကပေါင်း ၅၀၀၀ ကျော်လောက် ဆုံးရှုံး တာပေါ့။ မြစ်ရေတိုးမှုကြောင့် သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ တကောင်းအောက်ပိုင်း တွင်းငယ်တိုက်နယ်အုပ်စု သပိတ်ကျင်းအထိ စိုက်ပြီးသား စပါးတွေ ဆုံးရှုံးတာ ရှိတယ်။ ဒါက ရာသီပုံမှန် တိုးတဲ့ရေတော့ မဟုတ်ဘူး။ ဒီရေဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် တိုးလာတဲ့ရေပဲ။”

စိုက်ပျိုးဧကတွေ ပျက်စီးမှုကြောင့် ဒေသခံ တောင်သူလယ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်ကုန်တယ်လို့လည်း သူက ပြောပါတယ်။

မတ္တရာမြို့နယ် ကြိမ်တောကျေးရွာမှာလည်း မြစ်ကမ်းနားမှာရှိတဲ့ မြေတွေ ပြိုကျတာတွေ ရှိတယ်လို့လည်း ရွာခံ ဦးကျော်မြင့်က ပြောပါတယ်။

“ဧရာဝတီမြစ်ကြောင်းဘေးက စပါး ပျက်စီးတယ်။ ရေအ၀င် အတိုးဆိုရင် ဒါတွေဖြစ်တာများတယ်။ ရေတက်လို့ တခါတည်း ကုန်းပေါ်လျှံသွားရင် မဖြစ်ဘူး။ ရေ၀င်လိုက် ကျလိုက်ဖြစ်နေရင် ပိုဖြစ်တာများတယ်။ အဓိကဖြစ်တာက ငယ်တိုးအုပ်စု သဖန်းတောင်၊ ကုန်းတန်းအုပ်စု၊ သုံးဆယ်ပြည့်၊ နန်းတော်ကျွန်း၊ ဆင်ကျွန်း၊ အဲဘက်တွေများတယ်။”

ပုံမှန်အားဖြင့် ၀ါဆို၊ ၀ါခေါင်လတွေရေတိုးပြီး ရေပြန်ကျသွားရင် တောင်သူတွေက သီးနှံတွေ စိုက်ပျိုးကြတာဖြစ်ပေမယ့် အခုက သီးနှံတွေ စိုက်ပျိုးပြီးမှ ရေတိုးတဲ့အတွက် ပျက်စီးမှုတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေကလည်း ဧရာဝတီမြစ်ရေလျှံမှုကြောင့် မန္တလေးတိုင်းက မြို့ နယ်တွေမှာ ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013