DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု တရုတ်နိုင်ငံကို အများဆုံးဟု စစ်တမ်းတွင်ဖော်ပြ
DVB
·
March 14, 2019
မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု တရုတ်နိုင်ငံကို အများဆုံးဟု စစ်တမ်းတွင်ဖော်ပြ
Donate to DVB

မြန်မာအမျိုးသမီးတွေကို လူကုန်ကူးတဲ့နိုင်ငံတွေထဲမှာ အခြားနိုင်ငံတွေက လျှော့ကျလာပေမယ့် တရုတ်နိုင်ငံက အရင်နှစ်တွေထက် မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ သတို့သမီးတွေကို အရောင်းအ၀ယ်လုပ်တာ၊ အဓမ္မထိမ်းမြှား လက်ထပ်ခံနေရတာနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ လူကုန်ကူးခံနေရတဲ့အပေါ် မတ်လ(၁၄) ရက်နေ့က ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာအမျိုးသမီးတွေ လူကုန်ကူးတဲ့ဒေသ၊ အဓမ္မထိမ်းမြှားခြင်း၊ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခြင်းအပေါ် လူကုန်ကူးတဲ့နိုင်ငံတစ်ခုချင်းစီကို စစ်တမ်းပြုစုခဲ့တာပါ။

အဲဒီအထဲမှာ ၂၀၁၇ ခုနှစ်က လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ၇၂ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ၆ ရာခိုင်နှုန်းရှိတာကနေ ၂၀၁၈ ခုနှစ်မှာ ၁ ရာခိုင်နှုန်းအ ထိလျော့ကျလာသလို မလေးရှားနိုင်ငံအနေနဲ့လည်း ၂၀၁၇မှာ ၀ ဒသမ ၄ရာခိုင်နှုန်းကနေ ၂၀၁၈ ခုနှစ်မှာ သုညရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။ မြန်မာနိုင်ငံပြည်တွင်းက လူကုန်ကူးမှုတွေမှာ ၂၀၁၇ခုနှစ်က ၂၁ရာခိုင်နှုန်းရှိရာကနေ ၂၀၁၈ခုနှစ်မှာ ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တရုတ်ကနေ မြန်မာအမျိုးသမီးလုပ်သား ၆၅၀၀၀ ပြန်လာခဲ့ပြီး အမျိုးသမီး ၁၀၄၀၀ ဟာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။ အဓမ္မလက်ထပ်ခံရပြီး ပြန်လာတဲ့အမျိုးသမီး ၅၈၀၀ ထဲက အမျိုးသမီး ၃၉၀၀ ဟာ လူကုန်ကူးခံရပြီး အဓမ္မလက်ထပ်ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၂၈၀၀ ကတော့ အဓမ္မကိုယ်ဝန်ဆောင်ခိုင်းစေခြင်းခံရတယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့တာပါ။ အဲဒီစစ်တမ်းကိုတော့ ဂျွန်ဟော့ကင်းတက္ကသိုလ်ကနေ မြန်မာနိုင်ငံထဲက ကချင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီး ၁၄၈ ဦးနဲ့ရှမ်းပြည်နယ်က အမျိုးသမီး ၄၇ ဦးအပြင် တရုတ်နိုင်ငံရောက်နေတဲ့ ကချင်အမျိုးသမီး ၉၂ ဦးနဲ့ ရှမ်းပြည်နယ်က အမျိုးသမီး ၁၀၆ ဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့တာလည်း ပါဝင်ပါတယ်။

မြန်မာအမျိုးသမီးတွေကိုတော့ တရုတ်လူမျိုးတွေက ကလေးလိုချင်လို့ယူတာများပေမယ့် တရုတ်နိုင်ငံသားဖြစ်ခွင့်နဲ့ သက်သေခံအထောက်အထား လုပ်ပေးတာတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တရုတ်လူမျိုးတွေအနေနဲ့ ကိုယ်ဝန်ရရှိဖို့လွယ်ကူတဲ့ အမျိုးသမီးငယ်တွေကိုသာ ပိုမိုစိတ်ဝင်စားတယ်လို့လည်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၈ခုနှစ် ဇူလိုင်လ၁၉ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇နိုင်ငံမှာ မြန်မာနိုင်ငံက လူကုန်ကူးမှုအမြင့်ဆုံး အဆင့်၁၈ ထဲမှာ ပါဝင်နေပြီး မြန်မာနိုင်ငံလူဦးရေ ၅၂ သန်းကျော်ရဲ့ ၁၀ ရာခိုင်နှုန်းဟာ ခေတ်သစ်ကျေးကျွန်စနစ်အောက်မှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013