DVB Logo
Home
Lead Story
အရေးတော်ပုံတပ်သားများအတွက် ပေးဆပ်သူတို့ရပ်ဝန်း ထူထောင်သင့်ပြီ (အယ်ဒီတာအာဘော်)
DVB
·
March 14, 2019
အရေးတော်ပုံတပ်သားများအတွက် ပေးဆပ်သူတို့ရပ်ဝန်း ထူထောင်သင့်ပြီ (အယ်ဒီတာအာဘော်)
Donate to DVB

အမှောင်ကြီးစိုးသော ကာလများတွင် ကြယ်ကလေးများပမာ သူတို့ အလင်းပြခဲ့ကြသည်။ အမှောင်ထုကို အံတုခဲ့ကြသည်။ ပေးဆပ်ခြင်း အဘိဓမ္မာကို လက်တွေ့ပြခဲ့ကြသည်။

အလင်းမှိန်ပြပြကာလတွင် သူတို့ကို မေ့လျော့စ ပြုလာကြသည်။ ကိုယ်ပိုင် အလင်းရောင်ကလေးဖြင့် ရိုးအေးစွာ နေသူတို့ကို အငှားအလင်းရောင်ဖြင့် တောက်ပသူတို့က ပြက်ရယ်ပြုကြသည်။ ရောင်တော်ပြန်များက မေးငေါ့ကြသည်။

ထိုသို့ ရင်ဆိုင်နေရသူများထဲတွင် စစ်အစိုးရ ခေတ်အဆက်ဆက် နှိပ်ကွပ်ခံရသော နိုင်ကျဉ်းများ တစိတ်တပိုင်း ပါဝင်ခဲ့ကြသည်။ နိုင်ကျဉ်းအများစုသည် အစွန့်ပစ်ခံ လူ့အမှိုက်ပုံများကြား ကြေမွသွားသော ဘဝများကို တစစီ လိုက်ကောက်နေကြရသည်။

သို့သော် အချို့က အမှောင်ခေတ်၏ ဒဏ်ရာများကို ကုစားရင်း အချင်းချင်း လက်ချင်းချိတ်ကာ ပေးဆပ်ခြင်း အောင်လံကို မြဲမြဲဆုပ်ကိုင်ထားကြသည်။

စွန့်လွှတ်သူများ၏ ရှေ့ရေးကို ကြိုမြင်သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင်က နိုင်ကျဉ်းများ အရေးတော်ပုံ တပ်သားဟောင်းများကို ထွေးပွေ့ခဲ့သည်။ ထူမခဲ့သည်။

အသက် ၇၀ နားနီးနေသော နိုင်ကျဉ်း ဦးဗေဒါက “ကျနော့်ရဲ့ ဆီးချိုရောဂါနဲ့ လက်တုန်တဲ့ အာရုံကြောရောဂါတွေရဲ့ ဆေးဖိုးက တလ တသိန်းနီးပါးရှိတယ်။ အဲဒါကို ဦးဝင်းတင် ဖောင်ဒေးရှင်းက ဆေးကုပေးလို့ အခုလို ခင်ဗျားတို့နဲ့ စကားဝိုင်းဖွဲ့နိုင်တာပေါ့ဗျာ” ဟု ဒီဗွီဘီကို ပြောပြသည်။

“သူတို့က မာနကြီးတယ်။ သူတို့ဟာ ပြည်သူတွေကို ပေးဆပ်ချင်လို့ စစ်အစိုးရကို အာခံခဲ့တာ။ သူတို့ရဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကို အကြောင်းပြုပြီး ထောက်ပံ့ငွေတွေ ဘာတွေ လာပေးစရာမလိုဘူး။ တခြား လိုသူတွေကို သွားထောက်ပံ့ပါလို့ ခါးခါးသီသီး ငြင်းပယ်တာ ခံရတယ်" ဟု အရေးတော်ပုံ တပ်သားဟောင်းများကို တနိုင်တပိုင် လိုက်လံကူညီနေသည့် ဆရာမလေး မဖြူက ပြောပြသည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသမိုင်းတွင် နိုင်ငံရေးသမားများနှင့် ကျောင်းသားပြည်သူများကို ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချမှုများက ခေတ်အဆက်ဆက် ရှိခဲ့သည်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးခင်ညွန့်ကတော့ နိုင်ငံရေး အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ရန် ခိုင်းစေခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ဖူးသည်။

“ထောင် Manual အတိုင်း သူတို့လုပ်နေတာပဲကွ။ ငါတို့ခိုင်းတာမဟုတ်ဘူး။ ထောင်အကျဉ်းကျလာရင် ထောင်အကျဉ်းထဲမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုနှိပ်စက်ရမယ်၊ ဘယ်လိုညှဉ်းပန်းရမယ်ဆိုတာ မရှိဘူး။ ဘယ်လိုနှိပ်စက်ပါ၊ ဘယ်လိုခိုင်းပါ၊ ဘယ်လိုလုပ်ပါဆိုတာ ဘယ်တော့မှ မပြောဘူးကွ။ ငါတို့ခေါင်းဆောင်ဆိုတာ အဲဒီလိုဟာမျိုး အဲလိုစိတ်ဓာတ်မျိုး မရှိဘူးကွ။ မရှိဘူး” ဟု ဦးခင်ညွန့်က ဆိုခဲ့သည်။

သို့သော် စစ်ကြောရေးစခန်းများတွင် စစ်ထောက်လှမ်းရေးတို့၏ လက်ချက်ဖြင့် နိုင်ငံရေးလှုပ်ရှားသူတို့ ဘဝပျက်သူတွေ ပျက်ကြရ၊ အသက်တွေ စတေးသူတွေ စတေးခဲ့ကြရသည်။

နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရပြီး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း ဘဝရှင်သန် ဆက်လက်ရပ်တည်ရေး၊ မိသားစုစားဝတ်နေရေး ကြီးမားသည့် အခက်အခဲ အကျပ်အတည်းများဖြင့် ကြုံတွေ့ခဲ့ရ ကြုံတွေ့နေကြရသည်။

ဦးဝင်းတင် ဖောင်ဒေးရှင်းတွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသည့် နိုင်ကျဉ်းဟောင်း ကိုထင်အောင်ကတော့ “တကယ် ထဲထဲဝင်ဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ အရေးတော်ပုံ တပ်သားဟောင်းတွေက အကူအညီ အထောက်အပံ့ပေးတာကို တော်ရုံတန်ရုံနဲ့ လက်မခံချင်ဘူး။ ဒါပေမယ့် သူတို့ကို ဆေးဝါးကုသရေးမှာ ကူညီရင်တော့ သူတို့ မငြင်းကြပါဘူး။ သူတို့ မငြင်းနိုင်အောင် လိုအပ်နေတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အခြေအနေကို ပြောပြသည်။

နိုင်ငံရေးအကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ တခုကိုတော့ ရန်ကုန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ ယမန်နှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ နေထိုင်နိုင်မည့် အိမ်ရာတခုကိုလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အုန်းနှဲပင်ကျေးရွာအုပ်စုတွင် ‘နိုင်ကျဉ်းတို့၏နားခိုရာ’ အမည်ဖြင့် တည်ဆောက် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

သို့သော် လုံလောက်မှု မရှိသေးပေ။ ယနေ့ခေတ်လို ပြည်သူ့အစိုးရလက်ထက်တွင် ခေတ်အဆက်ဆက် စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် အရေးတော်ပုံ တပ်သားဟောင်းကြီးများအတွက် သက်ဆိုင်သူတို့က ပေးဆပ်သူတို့အတွက် နားခိုရာရပ်ဝန်းများ ဆက်လက်ထူထောင်ရန် ဒီဗွီဘီက အားပေး တိုက်တွန်းလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013