DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သား ၁၄ ဦး လုပ်အားခနစ်နာကြေး ထိုင်းဘတ်ငွေ ၁၇သိန်း ပြန်လည်ရရှိ
DVB
·
March 14, 2019
မြန်မာလုပ်သား ၁၄ ဦး လုပ်အားခနစ်နာကြေး ထိုင်းဘတ်ငွေ ၁၇သိန်း ပြန်လည်ရရှိ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီမြို့နယ်ရှိပုဂ္ဂလိကပိုင် ကြက်ခြံတခြံက   မြန်မာအလုပ်သမား ၁၄ ဦးဟာ လုပ်အားခနစ်နာကြေး ဘတ်ငွေ ၁၇သိန်းရရှိသွားပါတယ်။

မြန်မာအလုပ်သမားတွေဟာ ဥပဒေကသတ်မှတ်ထားတဲ့ လုပ်အားခအတိုင်း အပြည့်အ၀ မရတာ၊ အချိန်ပိုလုပ်အားခနဲ့နားရက်တွေမှာ လုပ်အားခမရတာတွေကြောင့် အလုပ်သမားကာ ကွယ်စောင့်ရှောက်ရေးရုံးနဲ့ အလုပ်သမားတရားရုံးမှာ သွားရောက်တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။

ဒီတိုင်ကြားချက်ကို မကျေနပ်တဲ့အတွက် အလုပ်ရှင်က မြန်မာအလုပ်သမားတွေကို ပြစ်ချက် အမျိုးမျိုးနဲ့ ပြန်လည်စွဲချက်တင် အမှုဖွင့်ခဲ့ပြီး တရားရုံးမှာ ၃နှစ်လောက် အပြန်အလှန် အမှုရင်ဆိုင်ခဲ့ပြီး မတ်လ ၁၂ ရက်မှာတော့ လုပ်ပူရီခရိုင် ဗဟိုအလုပ်သမားတရားရုံးက အလုပ်သမားတွေရသင့်ရထိုက်တဲ့ လုပ်အားခ ဘတ်ငွေ ၁၇ သိန်း ပြန်ပေးဖို့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာပါ။

ဒီကိစ္စမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ မဟာ ချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ စည်းရုံးရေးနဲ့ မှုခင်းဆိုင်ရာ တာဝန်ခံ ကိုဇော်က “ အားလုံးပေါင်း  ၁ သန်းနဲ့ ၇ သိန်းပါ၊ လုပ်အားခအပြည့်မပေးတဲ့ဟာတွေ၊ အချိန်ပိုလုပ် အားခမရတာ၊ နားရက်မှာလုပ်ခ မရတဲ့ဟာတွေပါတယ်။ အလုပ်သမား ၁၄ ယောက်မှာ တယောက်နဲ့တယောက် မတူဘူး။ စက်ရုံမှာ ကြာကြာလုပ်ခဲ့သူတွေကပိုရတယ် ”လို့ ပြောပါတယ်။

နစ်နာဆုံးရှုံးခဲ့တဲ့ ကာယကံရှင်အလုပ်သမားတွေရဲ့ စိတ်ရှည်သည်းခံမှု၊ ဇွဲရှိမှုတွေကြောင့် အခုလို ဥပဒေအရ ရသင့်ရထိုက်တဲ့ လုပ်အားခတွေ ပြန်လည်ရရှိခဲ့တာလို့လည်း ကိုဇော်က ပြောပါတယ်။

လုပ်အားခနဲ့ ပတ်သက်တဲ့အမှုကိစ္စ ပြီးဆုံးသွားပေမယ့်လည်း အလုပ်ရှင်ဘက်က ကွန်ပြူ တာဥပဒေနဲ့ တရားစွဲခံထားရတဲ့ အလုပ်သမားတဦးအမှုကတော့ မပြီးပြတ်သေးပါဘူး။

အလုပ်သမားတွေထဲက ကိုနန်းဝင်းဆိုသူကတော့  ဒီအမှုနဲ့ ပတ်သက်လို့ မီဒီယာ ကမေးမြန်းတာကို ဖြေကြားခဲ့တာ၊ သတင်းမီဒီယာဖော်ပြချက်ကို လူမှုကွန်ရက်မှာ  Like နဲ့ Share လုပ်ပြီးပြန်လည်ဝေမျှခဲ့တယ်ဆိုပြီး အလုပ်ရှင်က မီဒီယာ/ကွန်ပြူတာဥပဒေနဲ့ ပြန်တရားစွဲ ထားတာဖြစ်ပါတယ်။ ကိုနန်းဝင်းရဲ့ အမှုကိုတော့  တရားရုံးက လာမယ့်မေလမှာ ထပ်မံ ချိန်းဆိုထားပါတယ်။

ဒီအမှုပြီးမြောက်အောင်မြင်ဖို့   ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ MWRN အပြင် ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီ၊ ထိုင်းအမျိုးသားလူ့အခွင့် အရေးကော်မရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အန်ဒီဟောလ်တို့ကပါ ၀ိုင်းဝန်းကူညီခဲ့ပါတယ်။

ဓာတ်ပုံ- Bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013