DVB Logo
Home
မြန်မာသတင်း
ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၁ နှစ်ပြည့်အခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပို့
DVB
·
March 13, 2019
ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၁ နှစ်ပြည့်အခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပို့
Donate to DVB

ဒီမိုကရေစီအရေးမှာ နောက်ထပ်စတေးရမယ့်သူတွေ မပေါ်ပေါက်အောင် ကြိုးပမ်းဖို့ လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အာတိုင်တီကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၁ နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ် မတ်လ ၁၃ ရက် ဒီမနက်က  ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပတဲ့ အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောကြားလိုက်တာပါ။

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးရတာဟာ တပါတီအာဏာရှင်စနစ် လက်အောက်က ရုန်းထွက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီခရီးလမ်းကို စတင်လျှောက်လှမ်းကြဖို့ ပြည်သူလူထုတရပ်လုံးကို တပ်လှန့်နှိုးဆော်လိုက်တဲ့ သမိုင်းစာမျက်နှာ တကွက် ဖြစ်တယ်လို့လည်း  ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒီကနေ့ကျင်းပတဲ့ နှစ်ပတ်လည်အခမ်းအနားကနေ ဆဲဗင်းဂျူလိုင်ကစပြီး ကျောင်းသား လှုပ်ရှားမှု အဆင့်ဆင့်တွေကို သိရှိလေ့လာနိုင်ကာ သမိုင်းအမှန်ကို သိရှိဖို့ လိုတယ်လို့ အခမ်းအနားကိုတက်ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

ကိုဖုန်းမော်နဲ့၊ကိုစိုးနိုင်တို့ ကျဆုံးရတာဟာ ကျောင်းသားထုတရပ်လုံးအနေနဲ့  စစ်အာဏာရှင်စနစ်ကို ပိုလို့အမှတ်ရစေပြီး အဲဒီစနစ်အောက်က လွတ်မြောက်ဖို့ လိုတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ စာပေတာဝန်ခံက ပြောပါတယ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က  ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေကို အာအိုင်တီကျောင်းဝင်းထဲမှာ လုံထိန်းတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်လူစုခွဲရာမှာ ကိုဖုန်းမော် ကျဆုံးခဲ့ရတာဖြစ်ပြီး ဒဏ်ရာရသွားခဲ့တဲ့ ကိုစိုးနိုင်လည်း နောက်တနေ့ ဆေးရုံမှာ  ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ခုလို ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့  မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကျောင်းသားတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက နှစ်စဉ် အောက်မေ့ဖွယ် အထိမ်းအမှတ် ကျင်းပတာဖြစ်ပါတယ်။

သတင်း - ချမ်းမြေ့မောင်၊ ဓာတ်ပုံ-KoMyintOo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013