DVB Logo
Home
မေးမြန်းခန်း
အရှုံးပေါ်နေသည့် မြန်မာ့ရေလုပ်ငန်းအခြေအနေ မေးမြန်းချက်
DVB
·
October 10, 2012
အရှုံးပေါ်နေသည့် မြန်မာ့ရေလုပ်ငန်းအခြေအနေ မေးမြန်းချက်
1 / 2
Donate to DVB

အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံတချို့က မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာတွေ တဖြည်းဖြည်း လျှော့ပေးနေပါတယ်။

ဒီအချိန်မှာ ငါးအဖမ်းအဆီးအရ နည်းလာတာ၊ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာ ကျပ်ငွေလဲလှယ်နှုန်းဈေး မတည်ငြိမ်တာတွေကြောင့် နှစ်နဲ့ချီ အထိနာ အရှုံးပေါ်နေတဲ့ မြန်မာ့ရေလုပ်ငန်းရဲ့ ပြင်ဆင်နေမှုအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့ရေလုပ်ငန်းက ငါးသယံဇာတ အမေရိကန်ကို ပို့ဖို့က အခုမှ ကျနော်တို့က စပြီး ဈေးကွက်ကို စမ်းသပ်လေ့လာပြီး ပို့ဖို့အနေအထားပါလား။ ဘယ်လိုမျိုးပါလဲ။

“မှန်ပါတယ်။ ကျနော်တို့က မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းပေါ့။ ပင်လယ်ငါးကတော့ သူ့သဘာဝအလျောက် ရာသီဥတုအခြေအနေအရ ဘက်ပေါင်းစုံပြဿနာတွေနဲ့ ဖမ်းဆီးရရှိမှုတွေ လျော့သွားတာ ရှိတယ်။ ဖမ်းလို့ရတဲ့ ငါး၊ ပုစွန်တွေ ကမ္ဘာ့ဈေးကွက်အသီးသီးကို တင်ပို့ရောင်းချတဲ့အခါမှာလည်း ဈေးကွက်အသစ်တွေ ပေါ်လာတာလည်း ရှိတယ်။ ဥပမာ တရုတ်ပြည်ဆိုရင် ဈေးကွက်တော်တော်ကြီးလာတယ်။ စီးပွားရေးလည်း ဖွံ့ဖြိုးလာတော့ ပင်လယ်ငါး၊ ပုစွန်ကို သူတို့က တော်တော်ဈေးပေး ၀ယ်စားတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပင်လယ်ငါးနဲ့ ပုစွန်ကို ပို့တဲ့အခါ ဈေးကွက်လိုအပ်ချက်အတိုင်း လုံလောက်အောင် ကျနော်တို့က မပို့နိုင်တာတောင် ရှိတယ်။ မွေးမြူထုတ်လုပ်မှုအပိုင်းက စစ်တပ်အစိုးရလက်ထက်မှာ ပုစွန်၊ ငါး မွေးတာ တော်တော်တိုးတက်လာတယ်။ ဒါပေမယ့် တိုးတက်လာတဲ့အခြေအနေက ချက်ချင်းကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ ဥရောပ၊ အမေရိကန်၊ ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ကျနော်တို့ ပစ္စည်းတွေကို မ၀ယ်ဘူး၊ မယူဘူး ဆိုပြီး သတ်မှတ်လိုက်တော့ အဲအဟန့်အတားက လုပ်ငန်းတွေ ရှေ့တိုးလို့မရအောင်ဖြစ်တယ်။ နောက် အဲအချိန်တုန်းက မြန်မာစစ်အစိုးရက ပို့ကုန်တွေအပေါ်မှာ အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံတယ်။ အဲ့ ၂ ခုပေါင်းလိုက်တော့ ကျနော်တို့က တခြားနိုင်ငံတွေနဲ့ မပြိုင်နိုင်တော့ဘူး။ ဈေးကွက်လည်း တိုက်ရိုက်ပို့ခွင့်မရတော့ဘူး၊ ပွဲစားနဲ့တဆင့်ပို့ရတော့ ရပ်တည်လို့မရတဲ့အခါ ဥရောပနဲ့ အမေရိကန် ဈေးကွက်ကို ရည်ရွယ်ပြီး ထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကို မရှိတော့တာ။ ဒီဈေးကွက်တွေကို ခုနက အခက်အခဲတွေကို ကျော်ဖြတ်သွားရမှာ ကျနော်တို့အတွက် အမြတ်အစွန်းက ဘယ်လိုမှ မရနိုင်ဘူး။ အဲတော့ ရတဲ့ဈေးကွက်လေးနဲ့ လုပ်နိုင်တဲ့အလုပ်လေးကိုပဲ လုပ်လာတော့ အရင်က ဥရောပနဲ့ အမေရိကန် ဈေးကွက်တွေက စိတ်ကူးယဉ်လို့ မရဘူး၊ မျှော်မှန်းပြီး လုပ်လို့မရဘူး၊ အခုကျတော့ ဒါတွေပွင့်ပြီဆိုတော့ အဲဈေးကွက်တွေရဲ့ လိုအပ်ချက် ထုတ်လုပ်မှုမရှိဘူး။ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်လုပ်မှုဖြစ်အောင် ကိုယ့်ဘာသာပြုပြင်ပြောင်းလဲရဦးမယ်။ အဲအတွက် အချိန်တခုယူရဦးမယ်။”

ဘာတွေပြုပြင်ပြောင်းလဲဖို့လိုမလဲ။ အချိန်ရော ဘယ်လောက် လောက်ယူရမလဲ။

“အချိန်ကတော့ ရေလုပ်ငန်းက မြန်တယ်လို့ ပြောလို့ရမယ်။ အရင်ဆုံး Market Survey လုပ်ရမယ်။ နံပါတ် ၁ ဥရောပသမဂ္ဂအပါအ၀င်၊ အမေရိကန်အပါအ၀င်၊ ကနေဒါ ဈေးကွက်တွေရဲ့ အများဆုံးဈေးကွက်လိုအပ်ချက်တွေကို Market Survey လုပ်ရမယ်။ ပြီးရင် အဲဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပစ္စည်းကို ကျနော်တို့နဲ့ ရေမြေရာသီဥတုနဲ့ ညီတယ်ဆိုရင် အဲ့ပစ္စည်းအမျိုးအမည်ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားရမယ်။ ဒါဆိုရင် နည်းပညာပိုင်းအရ အကူအညီလိုတယ်။ နောက်တခါ ရင်းနှီးမြှုပ်နှံမှု အကူအညီလိုတယ်။ နောက်ဆုံးအချက်ကတော့ ရင်းနှီးမြှုပ်နှံမှုရော နည်းပညာရော နှစ်ခုလုံး ထည့်လိုက်လို့ ပစ္စည်းတွေထွက်လာပြီဆိုရင် အဲဈေးကွက်တွေက ကျနော်တို့ကို အခွင့်အရေးတွေပေးပြီး ၀ယ်ဖို့လိုတာပေါ့။ အခုကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လွှတ်ပြီဆိုတော့ ၀ယ်မယ့်သဘောရှိတာပေါ့။ ဒဏ်ခတ်ပိတ်ဆို့လွှတ်တာထက် ပိုတိုးပြီး အီးယူလိုအဖွဲ့အစည်းတွေက GSP လို့ခေါ်တဲ့ ရေထွက်ပစ္စည်းအပေါ်မှာ ၁၃ ဒဿမ ၇ ရာခိုင်နှုန်းအခွန် လျှော့ပေးတာမျိုး အခွင့်အရေးမျိုးတွေ။ ဥပမာ အမေရိကန်လို နိုင်ငံမျိုးက ကျနော်တို့က သူလိုချင်တဲ့ ပစ္စည်းကိုမွေးမြူထုတ်လုပ်ပေးမယ်ဆိုရင် ကျနော်တို့က သူ့နိုင်ငံကိုပို့နိုင်မယ့် အခွင့်အရေးမျိုး သတ်သတ်မှတ်မှတ် ဖန်တီးပေးတာတွေ၊ လိုအပ်တဲ့ နည်းပညာတွေ၊ လိုအပ်ရင်လည်း အရင်းအနှီးကအစပေါ့။ အဲလိုကူညီပေးမယ်၊ တဖက်ကလည်း ဈေးကွယ်နဲ့ ပတ်သက်တဲ့ ဈေးကွက်ရှယ်ယာကို ဖန်တီးပေးမယ်ဆိုရင် ကျနော်တို့ မြန်မြန်လုပ်နိုင်တယ်။ မြန်မြန် မွေးမြူထုတ်နိုင်တာမျိုး ဥပမာ ငါးမှာဆိုရင် တီလားဗီးယားငါးဆိုရင် ကျနော်တို့သိတယ်၊ အမေရိကန်ဈေးကွက်က ကြီးတယ် လိုအပ်တယ်။ လူမျိုးတိုင်းစားတယ်။ အဲလိုငါးမျိုးက ဥကနေ စ အကောင်ပေါက်ပြီး ၆ လ အများဆုံးအတွင်းမှာ ဈေးကွက်တင်နိုင်တဲ့ အဆင့်ရှိတော့ အဲလိုအချိန်တိုအတွင်း ဟိုဘက်ကလည်း အဆင့်သင့်ဈေးကွက်မျိုး ရှိတာမျိုး ထုတ်ရမယ်။ ပုစွန်ဆိုရင်လည်း ပုစွန်တွေရဲ့ မွေးမြူသက်တမ်းက ရေငန်ဆိုရင် ၄ လ၊ အဲလိုအမြန်ဆုံးဖြစ်နိုင်တဲ့ ပစ္စည်းမျိုး ထုတ်နိုင်ရင် ကျနော်တို့က ၁ နှစ်လောက် အချိန်ယူပြီး Market Survey လုပ်မယ်။ ပြီးရင် နည်းပညာနဲ့ မျိုးစိတ်တွေ ရရှိအောင် ကြိုးစားမယ်။ သူတို့ဈေးကွက်တွေရဲ့ လိုချင်တဲ့ အဆင့်အတန်း၊ အရည်အသွေးအတိုင်းဖြစ်တဲ့ ပစ္စည်းမျိုး ထုတ်ပေးပြီး ၀င်ရောင်းလိုက်ရင် ၁ နှစ်လောက်ဆိုရင် စလုပ်ပြီဆိုရင် ကျနော်ထင်တယ်၊ အလုံးအရင်းအလိုက် ပမာဏတော်တော်များများ တင်ပို့နိုင်တဲ့ အဆင့်ကို ရောက်နိုင်တယ်။”

အခု သူတို့က မီးစိမ်းပြလိုက်ပြီဆိုတော့ ဦးဝင်းကြိုင်တို့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေကရော ပြင်ဆင်နေကြပြီလား။

“ကျနော်တို့လုပ်ငန်းရှင်တွေက ပွင့်ပွင့်လင်းလင်းပြောရရင် လက်ပန်းကျနေတဲ့ အချိန်ဗျာ။ လက်ပန်းကျနေတဲ့အချိန်ဆိုတော့ အစိုးရသစ်ပြောင်းတဲ့ကာလမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ ခြိမ်းခြောက်မှု ဂယက်ကြောင့် ကျနော်တို့ပစ္စည်းတွေရဲ့ တန်ဖိုးက လျော့သွားတယ်။ ထုတ်လုပ်မှုစရိတ်တွေ မကျတော့ လုပ်ငန်းတိုင်းက အရှုံးနဲ့ ရင်ဆိုင်နေရတယ်။ ကာလအကြာကြီး ရင်ဆိုင်လာရလို့ ကျနော်တို့မှာ အရင်းအနှီးတွေ ပျောက်ဆုံးသွားရတယ်။ လက်ရှိအခြေအနေမှာ ကျားကုတ်ကျားခဲ ရပ်တည်နိုင်အောင် ကြိုးစားနေရတယ်။ တချို့ဆိုလည်း လုပ်ငန်းတွေအတော်များများ အားလျော့ပြီး ပျော့သွားတဲ့သဘောတွေရှိတယ်။ အဲဒီအပိုင်းမှာ အခုလို ပေါ်လာတဲ့ ဈေးကွက်အသစ်တွေကို ထိုးဖောက်ဖို့ဆိုရင် အရင်ဆုံးလိုအပ်နေတာက အရင်းအနှီးလိုတယ်၊ နည်းပညာလိုတယ်၊ ဈေးကွက်က ကျနော်တို့ကို အခွင့်အရေးပေးဖို့ လိုတယ်။ အဲဒီအချက် ၃ ချက် ဖြည့်ဆည်းပြီးရင် ကျနော်တို့ မြန်မြန်လုပ်နိုင်ပါတယ်။ ”

ကိုယ်ကိုယ်တိုင် ထူထောင်ပြီးလုပ်ဖို့ဆိုတာကရော။
“လုပ်ဖို့ဆိုတာထက်စာရင် ခက်ပါတယ်။ နိုင်ငံတော်အစိုးရရယ်၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကူအညီတွေ လိုပါတယ်။ နိုင်ငံတော်အစိုးရကလည်း ကျနော်တို့ကို ကူညီရမယ့်အပိုင်းတွေကို အပြည့်အ၀ကူညီဖို့ လိုပါတယ်။ အရင်းအနှီးကစပြီးတော့ ဈေးကွက်နဲ့ ချိတ်ဆက်ပေးတာတို့၊ အစိုးရရဲ့ အာမခံချက်တွေ ပေးနိုင်တဲ့ဟာတွေကို ဖြည့်ဆည်းပေးတာတို့ လိုတယ်။ နောက်တခါ ဥရောပသမဂ္ဂလိုမျိုး အကောက်ခွန်ဆိုင်ရာ ယေဘုယျအခွင့်အရေးပေးမှုစနစ် (GSP-Generalised System of Preferences) မျိုးကိုလည်း အစိုးရချင်း တောင်းရတာဖြစ်တော့ ကျနော်တို့ ထွက်ကုန်တွေအပေါ်မှာ တောင်းဖို့လိုတယ်။ အမေရိကန်လို နိုင်ငံမျိုးကိုလည်း ကျနော်တို့ market share တွေ တောင်းမယ်ဆိုရင်လည်း အစိုးရလိုအဖွဲ့အစည်းမျိုးက တောင်းပေးလို့ ရမယ်။ ဒီအပေါ်မှာ မီပြီး ကျနော်တို့က အလုပ်လုပ်ရမှာ။ အစိုးရ အကူအညီအများကြီး လိုပါတယ်။ အစိုးရထက်ကျော်ပြီး ဈေးကွက်ရှိတဲ့ နိုင်ငံတွေကလည်း ညှာတာမယ်၊ ကူညီမယ်၊ လက်တွဲပြီးခေါ်မယ်ဆိုတဲ့သူ ရှိရင်တော့ ကျနော်တို့ရဲ့ ရေလုပ်ငန်းထုတ်လုပ်မှုဟာ အချိန်တိုအတွင်း အချိန်သိပ်မပေးရဘဲ ပြန်ကောင်းသွားမယ့် လုပ်ငန်းလို့ ကျနော် ယူဆပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013