DVB Logo
Home
Lead Story
မျက်နှာမည်းကြီးရဲ့ကျိန်စာ
DVB
·
March 13, 2019
မျက်နှာမည်းကြီးရဲ့ကျိန်စာ
Donate to DVB

ကျေနာ် ဗိုလ်တထောင်ဘုရားလမ်းက အောကစ်ဟိုတယ်ရောက်တော့ လူတော်တော်စုံနေပါပြီ။ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ ကျောက်မီးသွေး ထုတ်လုပ်တဲ့ ဒေသက ဒေသခံတွေ၊ မီဒီယာသမားတွေ။

ရာနဲ့ချီ တက်ရောက်လာသူတွေကြောင့် အခမ်းအနားကျင်းပတဲ့ အောကစ်ဟိုတယ် ပထမထပ်ဟာ ကျဉ်းသွားသယောင် ရှိနေပါတယ်။

သူတို့အားလုံး ကျနော့်လိုပဲ မျက်နှာမည်းကြီးရဲ့ကျိန်စာဆိုတဲ့ ရုပ်သံမှတ်တမ်းကို စိတ်ဝင်တစား လာကြည့်ကြတာပါ။

သဘာဝအရင်းအမြစ်တွေဟာ တကယ်တော့ လူသားတွေအတွက်ပေးတဲ့ ဘုရားသခင်ရဲ့ လက်ဆောင်ပါ။ ဒါပေမယ့် အလိုလောဘကြီးသူတွေ၊ တာဝန်မဲ့သူတွေ၊ တကိုယ်ကောင်းသမားတွေကြောင့် ဘုရားသခင်ရဲ့ လက်ဆောင်ဟာ လူသားတွေအတွက် ကျိန်စာတခုလို ဖြစ်နေပါတယ်။ တနည်းအားဖြင့် ဒေသခံ တောသူတောင်သားတွေဟာ ကျိန်စာသင့်သူတွေအဖြစ် ခံစားနေရတာပါ။ အချို့က ကိုယ်ဝန်ပျက်ကျ၊ အချို့က အသက်ရှူလမ်းကြောင်း ပျက်စီး၊ အချို့က ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေမွေး၊ အချို့က မိရိုးဖလာ လယ်ယာလုပ်ငန်းတွေ ပျက်စီးခဲ့ရ။

အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်တဲ့ စွမ်းအင်ကို သဘာဝရင်းမြစ်တွေကနေ တာဝန်မဲ့၊ မတရားထုတ်ယူလိုက်တဲ့အခါ ဒေသခံတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမို ပိုက်မိလိုက်သလို ဖြစ်သွားပါတယ်။

ဒီလိုအဖြစ်အပျက်တွေထဲမှာ အရေးပါတဲ့ ဇာတ်ကောင်တကောင်အနေနဲ့ ထင်ရှားလာတာကတော့ မျက်နှာမည်းကြီးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ ကျောက်မီးသွေးပါပဲ။

သဘာဝအရင်းအမြစ်တခုဖြစ်တဲ့ ကျောက်မီးသွေးက လောင်စာထုတ်ယူတဲ့အခါ ကုန်ကျစရိတ် သက်သာရုံသာမက အရည်အသွေးတည်ငြိမ်တဲ့ လျှပ်စစ်စွမ်းရည်ကို ထုတ်ယူနိုင်ပါတယ်။ အဲဒါကြောင့် စွမ်းအင်မုဆိုးတွေဟာ ကျောက်မီးသွေးကို အမဲလိုက်သလို လိုက်ကာ သဘာဝ အရင်းအမြစ်တွေကို အမဲဖျက်သလို ဖျက်မိရက်သား ဖြစ်သွားပါတယ်။

တဖက်ကလည်း စက်မှုလုပ်ငန်း တိုးတက်ရေးအတွက် စွမ်းအင်ကို ဈေးအသက်သာဆုံးနဲ့ များများလိုအပ်၊ တဖက်ကလည်း သဘာဝရင်းမြစ်တွေ ပျက်စီးကာ လူသားတွေအတွက် ဝေဒနာဆိုးတွေ အမွေဆိုးတွေ လက်ဆင့်ကမ်းမိသလို ဖြစ်သွားမယ့် ဆိုးကျိုးတွေ ရှိနေပါတယ်။

ဒီနှစ်ဖက်ကို ဘယ်လိုထိန်းညှိမလဲ။ လူသားတွေအတွက် ဆိုးကျိုးအနည်းဆုံးနဲ့ ဖွံ့ဖြိုးရေးအတွက် စွမ်းအင်အများဆုံး ကုန်ကျစရိတ် အသက်သာဆုံးဖြစ်အောင် ဘယ်လိုကြံဆောင်ကြမလဲဆိုတဲ့ မေးခွန်းကို ဒီရုပ်သံမှတ်တမ်းက မွေးဖွာပေးလိုက်ပါတယ်။

စစ်အစိုးရရဲ့ အမွေဆိုးတွေကို ဆက်ခံနေရတဲ့ လက်ရှိအခြေအနေကို အသိဉာဏ်နည်းပါးမှု၊ အုပ်ချုပ်ရေးအားနည်းမှု၊ အလိုလောဘကြီးမှု၊ စိုးရိမ်စိတ်တွေ မြင့်တက်နေမှု၊ ဒါတွေနဲ့ ဆေးရောင်ခြယ်ထားတာ တွေ့ရပါတယ်။

ဒီရုပ်သံမှတ်တမ်းကို ဒါရိုက်တာ ဉာဏ်ကြီးက ၈ လကြာ ရိုက်ကူးတည်းဖြတ်ခဲ့တာပါ။ မကြာမီ မဇ္ဈိမရုပ်သံက တင်ဆက်မယ်လို့ သိရတယ်။

ဒီရုပ်သံကိုကြည့်ရင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်ဝန်းကျင်ပျက်စီးမှုတို့ရဲ့ ရန်ဘက် ပဋိပက္ခကို မိတ်ဘက် ပဋိပက္ခအသွင်ဖြစ်အောင် ဘယ်လိုကြံဆောင်ကြမလဲဆိုတဲ့ အတွေး ဝင်လာမိပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေကတော့ ဒီပြဿနာကို ထက်မြက်တဲ့ နည်းပညာတွေနဲ့ ကျော်လွှားနေပါပြီ။

ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာ သဘာဝရင်းဖြစ်တွေဟာ အလိုကြီးသူတွေ၊ တာဝန်မဲ့သူတွေကြောင့် ကျိန်စာဖြစ်နေသေးပေမယ့် ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေမှာတော့ သဘာဝရင်းမြစ်တွေဟာ ဘုရားသခင်ရဲ့ လက်ဆောင်အဖြစ် တန်ဖိုးထား သုံးစွဲနေကြပါပြီ။     ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013