DVB Logo
Home
မြန်မာသတင်း
အိုင်စီစီတင်ရန်ကြိုးပမ်းမှု မြန်မာပယ်ချ၊ မစ္စယန်ဟီးလီနေရာတွင် လူသစ်ခန့်ရန်ထပ်မံတောင်းဆို
DVB
·
March 13, 2019
အိုင်စီစီတင်ရန်ကြိုးပမ်းမှု မြန်မာပယ်ချ၊ မစ္စယန်ဟီးလီနေရာတွင် လူသစ်ခန့်ရန်ထပ်မံတောင်းဆို
Donate to DVB

မြန်မာနိုင်ငံကို နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ)သို့ ရောက်ရှိစေဖို့  လုပ်ဆောင်ချက်တွေအားလုံးကို မြန်မာကိုယ်စားလှယ်က ပယ်ချလိုက်ပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနေရာမှာ လူသစ် အစားထိုးခန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဂျနီဗာမှာ မတ်လ ၁၁ ရက်က ကျင်းပတဲ့  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အိုင်စီစီတရားရုံးကို တင်ဖို့ မစ္စယန်ဟီးလီက အစီရင်ခံခဲ့တဲ့အပေါ် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်လိုက်တာပါ။

မြန်မာနိုင်ငံကို အိုင်စီစီသို့ ရောက်ရှိစေဖို့လုပ်ဆောင်တဲ့ ဘယ်လိုတောင်းဆိုမှုမျိုးကိုမဆို ပယ်ချတယ်၊ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့သက်သေ အထောက်အထား ပြသနိုင်ပါက တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့ အစိုးရအနေနဲ့ အပြည့်အဝ အာမခံတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ လက်ရှိ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်ကြောင်းနဲ့  လူသစ်ခန့်အပ်ဖို့ မေတ္တာရပ်ခံတဲ့အကြောင်း မစ္စယန်ဟီးလီနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် သူ့ရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ ကျင့်ဝတ်စည်းကမ်းဘောင်ကိုကျော်လွန် လုပ်ဆောင်တာနဲ့ ဘက်လိုက်တာကြောင့် ပြည်သူတွေက မလိုလားလို့ မြန်မာပြည်ကို လာရောက်ခွင့်မပြုဖို့ ၂၀၁၇ ဇူလိုင်လမှာ လွှတ်တော်က ဆုံးဖြတ်ခဲ့တယ်လို့  ပြောသွားပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့လည်း အေအေတပ်ဖွဲ့က ရဲစခန်းတွေကို တိုက်ခိုက်ရာက လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့တယ်၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း  ဘင်္ဂလားဒေ့ရှ်နဲ့ မြနမာ နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ အညီ နေရပ်ပြန်လာမယ့်သူတွေကို စိစစ်လက်ခံဖို့ အသင့်ရှိ တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

ဟိန္ဒူဘာသာဝင် (၄၄၄) ဦးအပါအဝင် ကော့ဇ်ဘဇားရှိ စခန်းကနေ ရခိုင်ဒေသသို့ ပြန်လာလိုသူတွေရှိနေတာကို   သိရှိခြင်း ရှိ-မရှိလည်း မြန်မာသံအမတ်ကြီးက မစ္စယန်ဟီးလီကို မေးခွန်းထုတ်လိုက်ပါတယ်။

အာဆာအဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို ကြောက်ရွံ့တာကြောင့် ရခိုင်ပြည်နယ်ကနေ လူအမြောက်အများ နေရပ်စွန့်ခွာခဲ့တာဖြစ်တယ်၊ အထူးအစီရင်ခံစာတင်သွင်းသူတွေအနေနဲ့ နိုင်ငံတနိုင်ငံရဲ့ လူမှုရေး သဟဇာတဖြစ်မှုနဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ ဘက်လိုက်တဲ့ အစီရင်ခံစာတွေ အပြုသဘောမဆောင်တဲ့ မိန့်ခွန်းတွေနဲ့ အန္တရာယ်ရှိတဲ့ ဆောင်ရွက်ချက်တွေကို ရှောင်ရှားဖို့လည်း မြန်မာသံအမတ်က ပြောသွားပါတယ်။

မစ္စယန်ဟီးလီကတော့ မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အချိန်စောင့်မနေဘဲ အိုင်စီစီကိုတင်ဖို့နဲ့ တင်သွင်းဖို့  မဖြစ်နိုင်တဲ့အခြေအနေဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ လွတ်လပ်တဲ့ ခုံရုံးတခု ထူထောင်ဖို့ လူ့အခွင့်အရေး ကောင်စီမှာ တိုက်တွန်း ပြောသွားပါတယ်။

နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူတွေကို တွေ့ဆုံခဲ့ပါတယ်။

အိုင်စီစီကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူကတော့ မြန်မာဟာ အိုင်စီစီအဖွဲ့ဝင် မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့စုံစမ်းစစ်ဆေးမှုတွေကို ဟန့်တားနိုင်မှာမဟုတ်ကြောင်း မတ်လ ၁၁ ရက်က ဒါကာမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပြီး လူတွေ အစုလိုက်နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ကိစ္စမှာ တာဝန်ရှိသူတွေ အရေးယူခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013