DVB Logo
Home
Lead Story
လူထုကို အန္တရာယ်ပေးနေသည့် လေလွင့်ခွေးပြဿနာ အမြန်ဖြေရှင်းပါ (အယ်ဒီတာအာဘော်)
DVB
·
March 13, 2019
လူထုကို အန္တရာယ်ပေးနေသည့် လေလွင့်ခွေးပြဿနာ အမြန်ဖြေရှင်းပါ (အယ်ဒီတာအာဘော်)
Donate to DVB

ရန်ကုန်တွင် ခွေးလေခွေးလွင့်များ အုပ်စုဖွဲ့ သောင်းကျန်းနေသည့် သတင်းများ နားနှင့်မဆန့်အောင် ကြားရသလို ရန်ကုန်မြို့သူမြို့သားတွေ ကိုယ်တိုင်လည်း မျက်မြင်ပင်ဖြစ်သည်။

တလောကပင် စမ်းချောင်မြို့နယ်အမတ်က မြို့နယ်အတွင်း ခွေးလေခွေးလွင့်ပြဿနာကို မဖြေရှင်းပေးသည့် မြို့တော်စည်ပင်ဥက္ကဋ္ဌကို စဖြီးကြီးဟု စွပ်စွဲပြစ်တင်သံ ညံသွားသေးသည်။

ရန်ကုန်တိုင်းထဲက မြို့နယ်အမတ်များ နယ်မြေကွင်းဆင်းသည့်အခါ မြို့နယ်၏ ခွေးလေခွေးလွင့် ပြဿနာက ရှေ့တန်းရောက်နေပြီး လေလွင့်ခွေးနှိမ်နင်းရေး ညာသံပေးခံရသည်ဟု အမတ်တဦးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။

လေလွင့်ခွေးအရေးကိစ္စက နောက်ဆုံး ပြည်သူ့လွှတ်တော်ရောက်ပြီး ကိုယ်စားလှယ် ၁၁ ဦးက ဝင်ဆွေးနွေးခဲ့ကြသည်။

မတ်လ ၁၁ ရက် ပြည်သူ့လွှတ်တော်တွင် မင်းလှအမတ် ဒေါက်တာဦးသန်းအောင်စိုးက “လူနှင့် တိရစ္ဆာန်များတွင် ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အားလုံးပူးပေါင်းလျက် စီမံချက် ချမှတ်ရေးဆွဲပြီး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ကိုယ်စားလှယ် ၁၁ ဦးက ပါဝင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မြန်မာပြည်တွင် ၉ မိနစ်လျှင် လူတယောက်နှုန်း ခွေးကိုက်ခံနေရပြီး ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ခွေးကိုက်ခံရမှု အများဆုံးဖြစ်နေသည်ဟု ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အရ သိရသည်။

ပြည်တွင်းတွင် ခွေးလေခွေးလွင့်ပေါင်း ၃ ဒသမ ၈ သန်းခန့် ရှိနေပြီး ယင်းခွေးအားလုံး၏ ၇၅ ရာခိုင်နှုန်းတွင် ခွေးရူးရောဂါပိုး ရှိနေကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နှစ်စဉ် လူ ၆၀၀၀ ကျော် ခွေးလေခွေးလွင့် အကိုက်ခံရပြီး ယင်းအနက် လူ ၁၀၀၀ ခန့် ခွေးရူးရောဂါကြောင့် သေဆုံးနေသည်။

လက်ပံဖူးချိန် ခွေးရူးချိန်ဆိုသည့် စာချိုးအတိုင်း ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတို့တွင် ခွေးရူးကိုက်ခံရနှုန်း မြင့်တက်ပြီး ခွေးရူးရောဂါဖြစ်လျှင် လူသေနှုန်း ၁၀၀ ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရ ခွေးရူးရောဂါကြောင့် ၂၀၁၄ ခုနှစ်တွင် ၁၅၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၉၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၉ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၇၈ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၆၉ ဦး အသီးသီး သေဆုံးခဲ့ကြသည်။

အာဆီယံဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံသည် ခွေးရူးကိုက်နှုန်း အမြင့်ဆုံးတိုင်းပြည် ဖြစ်နေသည်။

လေလွင့်ခွေးပြဿနာရှင်းရန် ဥပဒေအသီးသီး ရှိပြီးဖြစ်သည်။ နိုင်ငံတော်အနေဖြင့် စည်ပင်သာယာရေး ဥပဒေများဖြစ်သည့် ရန်ကုန် (၂၀၁၈)၊ မန္တလေး (၂၀၀၂)၊ နေပြည်တော် (၂၀၀၉) နှင့် ၂၀၁၀ တပ်မြို့စည်ပင်သာယာရေး ဥပဒေများတွင် မြို့တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သော တိရစ္ဆာန်များကို အဆိပ်ကျွေးသုတ်သင်ခြင်း အပါအဝင် သင့်လျော်သော နည်းလမ်းများဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊ အချိန်မရွေး ဖမ်းဆီးခြင်း၊ တိရစ္ဆာန်ထိမ်းသိမ်းရေးရုံသို့ ပို့ဆောင်ခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်သည်လို့ ပြဋ္ဌာန်းထားပြီးဖြစ်သည်။

ဥပဒေပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း လေလွင့်ခွေးပြဿနာကို ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ပြတ်ပြတ်သားသား ရှင်းထုတ်ခြင်း မရှိသေးသည့် တိုင်းအစိုးရများကို ပြည်သူလူထုက မေးခွန်းထုတ်ကြရန် တိုက်တွန်းလိုသည်။

လေလွင့်ခွေးရန်ကို ဆိုးဆိုးဝါးဝါး ခံစားနေရသည့် ရန်ကုန်မြို့နေ ပြည်သူများကို ယခုအချိန်အထိ အကာအကွယ် မပေးနိုင်သေးသည့် တိုင်းအစိုးရအဖွဲ့သည် တာဝန်မကျေသည့် အစိုးရအဖွဲ့ဟု ဆိုလိုက်ချင်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013