DVB Logo
Home
မြန်မာသတင်း
ပူတာအို – မချမ်းဘောဒေသတွင် ဆန်ပြတ်လပ်
DVB
·
October 10, 2012
ပူတာအို – မချမ်းဘောဒေသတွင် ဆန်ပြတ်လပ်
Donate to DVB

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုနဲ့ မချမ်းဘောမြို့နယ်တွေမှာ  ပြီးခဲ့တဲ့နှစ်က ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးအထွက်နည်းခဲ့တဲ့အပြင် မိုးတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခုနှစ် ဇူလိုင်လကတည်းက ဆန်ပြတ်လပ်နေပါတယ်။

ဒီဒေသတွင်းမှာ ကေအိုင်အေတပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေမှုရဲ့ အကျိုးဆက်အဖြစ် လမ်းတံတားတွေပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေ ရှိနေတာကြောင့်လည်း  ပြင်ပက စားနပ်ရိက္ခာ အကူအညီတွေ ရောက်လာဖို့  ပိုလို့ အခက်အခဲဖြစ်နေစေတာပါ။

[caption id="attachment_31767" align="alignleft" width="300" caption="ဩဂုတ်လအတွင်းက ပူတာအိုကို ပို့ဆောင်မည့် ဆန်အိတ်တွေ လေယာဉ်ပေါ်တင်နေစဉ်"][/caption]

အထူးသဖြင့် မချမ်းဘောမြို့နယ် တခုလုံးနဲ့ ပူတာအိုမြို့နယ်က မန့်စေ၊ ပါးခဲ၊ နမ့်ထွမ်ခူး၊ ဆင်လွန်ဒမ်း၊ ထရန်ဒမ်း၊ ဆိုင်ခွန်ဒမ်း၊ ရှန်ဂုံ၊ ပန်မတီး စတဲ့  ရွာပေါင်း ၁၀ ရွာ ကျော်မှာ ဆန်အခက်အခဲ ပြဿနာ နဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒီဆန်ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းဖို့ ပြည်နယ်အစိုးရကနေ ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းလောက်ကစပြီး ဆန်အိတ်တွေကို လေယာဉ်နဲ့ သယ်ပြီး မြစ်ကြီးနားဈေးနှုန်းအတိုင်း ဖြန့်ဖြူးပေးခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“ကချင်ပြည်နယ်အစိုးရအဖွဲ့က လွန်ခဲ့တဲ့ ၁ လကျော်လောက်ကတည်းက ပူတာအိုဘက်မှာ လေယာဉ်နဲ့ ဆန်တွေဘာတွေ သွားပို့ပေးတယ်ကြားတယ်။ မနေ့ကအထိ စုစုပေါင်း အိတ်ပေါင်း ၃ ထောင်ကျော် တင်ပို့ပြီး ဖြန့်နေပြီတဲ့။ ပေးတာက အလကားလုပ်ပေးတာတော့ မဟုတ်ဘူး။”

ဒီလိုအစိုးရက ဆန်တွေ ဖြန့်ဖြူးမှုတွေရှိနေပေမယ့် ငွေကြေးတတ်နိုင်တဲ့ သူတွေကသာ ဒီဆန်ကို ၀ယ်ယူသုံးစွဲနေကြပြီး သာမန်ပြည်သူတွေက ဆန် နို့ဆီဘူး ၂ ဘူးခွဲကို ကျပ် ၁ ထောင်နဲ့ ၀ယ်ယူစားသောက်နေရတယ်လို့ ပူတာအိုမြို့ခံ ဦးယောဆီက ပြောပါတယ်။

“ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဆန်တွေသယ်လာတာတော့ တွေ့တယ်။ သူတို့က မြို့ပေါ်မှာ ခွဲပေးပြီးတော့ ရောင်းတာရှိတယ်။ နီးစပ်တဲ့ ရွာတွေကို ခွဲပြီး ရောင်းတာရှိတယ်။ ရောင်းတယ်ဆိုတော့ ပိုက်ဆံမရှိတဲ့သူတွေပဲ ဆန်ပြတ်နေတယ်၊ မ၀ယ်နိုင်ကြဘူး။ အဲတော့ ပိုက်ဆံရှိတဲ့သူတွေက ၀ယ်ထားပြီး သူတို့က ၅ လုံး ၁ ထောင်နဲ့ ၀ယ်ထားပြီး ၂ လုံးခွဲ ၁ ထောင်နဲ့ ပြန်ရောင်းကြတယ်။”

ပူတာအိုဒေသက စားနပ်ရိက္ခာ အခက်အခဲတွေ့နေသူတွေအတွက် နိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်း အလှူရှင်တွေက ဆန်လှူဒါန်းမှုတွေ ရှိနေပမယ့် အစိုးရက ဆန်တင်ဖို့ လေယာဉ်ခရီးစဉ်တွေ သီးသန့် ပြေးဆွဲပေးတာ မရှိတဲ့အတွက် အကူအညီ လိုနေသူတွေဆီ စားနပ်ရိက္ခာတွေ မရောက်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒီလိုဆန်ပြတ်လပ်မှုကြောင့် မတတ်နိုင်တဲ့ကျေးရွာ တောသူတောင်သားတချို့ အစာအာဟာရပြတ်လပ်ပြီး ရောဂါဖြစ်ကာ သေဆုံးမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013